ပဲတီစိမ်းနှင့် နွေစပါးအတွက် ထုတ်ချေးပေးထားသည့် ချေးငွေများကို အပြည့်အဝ ပြန်လည်ကောက်ခံသွားမည်

0
163

နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ပဲတီစိမ်းနှင့်နွေစပါးအတွက် ထုတ်ချေးပေးထားသည့် ချေးငွေများကို အပြည့်အဝပြန်လည်ကောက်ခံသွားမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က ပြောကြားသည်။

ဧပြီလ (၉) ရက်တွင် နေပြည်တော်ရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်သည့် ပဲတီစိမ်းနှင့် နွေစပါးစီမံကိန်းနှင့် ဆီထွက်သီးနှံနေကြာ တိုးချဲ့စိုက်ပျိုးရေးစီမံကိန်းဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

၂၀၂၂-၂၀၂၃ ကာလအတွင်း ရာနှုန်းပြည့် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခြင်းမရှိသော်လည်း ဆောင်ရွက်ပြီး လုပ်ငန်းများမှ ရရန်ရှိသည့် ချေးငွေများ အပြည့်အဝ ပြန်လည်ကောက်ခံရရှိရေးနှင့် ကောက်ခံရရှိလာမည့် အရင်းမပျောက် မတည်ရန်ပုံငွေကို လာမည့်ရာသီတွင် အကျိုးရှိအောင် အသုံးပြုနိုင်ရေးအတွက်လည်း ဝန်ကြီးက ပြောကြားခဲ့သည်။

ရန်ကုန်၊ ပဲခူးနှင့် ဧရာဝတီတိုင်း ဒေသကြီးတို့တွင် စိုက်ပျိုးခဲ့သည့် ပဲတီစိမ်းသီးနှံမှာ ရိတ်သိမ်းပြီးစီးပြီဖြစ်ကာ တောင်သူများအနေဖြင့် သီးနှံများ ပြန်လည်ပေးသွင်းနေကြပြီဖြစ်ကြောင်း သိရသည်။

နွေစပါးသီးနှံကို နေပြည်တော်၊ စစ်ကိုင်း၊ ပဲခူး၊ မကွေး၊ မန္တလေး၊ ရန်ကုန်နဲ့ ဧရာဝတီတိုင်းဒေသကြီး ခုနစ်ခုတွင် စိုက်ပျိုးခဲ့ပြီး အောက်မြန်မာပြည်၌ မကြာမီ နွေစပါးရိတ်သိမ်းတော့မည်ဖြစ်သည့်အတွက် တောင်သူများအနေဖြင့် စာချုပ်ပါစည်းကမ်းများနှင့်အညီ သီးနှံပြန်လည်ပေးသွင်းနိုင်ရေးနှင့် နိုင်ငံတော်၏ ဘဏ္ဍာဆုံးရှုံးမှုမရှိစေရေးအတွက် သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရ အဖွဲ့များက ကြီးကြပ်ဆောင်ရွက်ပေးစေလိုကြောင်းလည်း ဝန်ကြီးဦးမင်းနောင်က ဆက်လက်ပြောကြားခဲ့သည်။

နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအနေဖြင့် ငွေကျပ် ၂၃၀ ဘီလီယံ ရရှိခဲ့ပြီး ပဲတီစိမ်း တစ်ဧကလျှင် ငွေကျပ် ၁၂၀၀ ၀၀ နှုန်းဖြင့် ဧကငါးသိန်းအတွက် ငွေကျပ် ၆၀ ဘီလီယံ၊ နွေစပါးတွင် တစ်ဧကလျှင် နှစ်သိန်းနှုန်းဖြင့် ဧက ၈၅၀၀ ၀၀ အတွက် ငွေကျပ် ၁၇၀ ဘီလီယံဖြင့် တောင်သူများသို့ ငွေသားဖြင့် ထုတ်မချေးဘဲချေးငွေပမာဏနှင့်တူညီသော သွင်းအားစုများကိုသာ ထုတ်ပေးရန် စီမံဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထို့အပြင် ၂၀၂၃ – ၂၀၂၄ ခုနှစ် ရာသီ ပဲတီစိမ်းဧက ၄၈၀ ၀၀၀ ကျော်၊ နွေစပါးဧက ၇၈၀၀၀၀ ကျော် စိုက်ပျိုးထုတ်လုပ်နိုင်ရေးအတွက် ငွေကျပ် ၂၁၄ ဒသမ ၂ ဘီလီယံ သုံးစွဲဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here