ဆရာမကြီး ယုဝတီခင်ဦး(ဒေါက်တာရီရီလှ)နှင့် တင်ရီမ – ညောင်ဦး (ဒေါ်တင်ရီ) တို့အား ပခုက္ကူဦးအုန်းဖေ စာပေဆု တစ်သက်တာစာပေဆု ပေးအပ်

0
508

ပခုက္ကူ ဦးအုန်းဖေ တည်ထောင်ခဲ့သည့် ပခုက္ကူစာပေဆု တစ်သက်တာစာပေဆုကို စာရေးဆရာမကြီးများ ဖြစ်သည့် ယုဝတီခင်ဦး နှင့် တင်ရီမ – ညောင်ဦးတို့အား ချီးမြင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

(၂၉) ကြိမ်မြောက်အဖြစ် ချီးမြင့်ပေးခဲ့ခြင်းဖြစ်ပြီး ကဗျာပေါင်းချုပ် ပထမဆုကို ဌေးသစ်လွင်(ပရိမ္မ)ရေးဖွဲ့သည့် “ခယောင်းလမ်းက ပန်းသစ္စာ ကဗျာများ”၊ ဒုတိယဆုကို ချစ်စုအောင်ရေးဖွဲ့သည့် “လမင်းနှစ်ကိုယ်ခွဲ ကဗျာများ”၊တတိယဆုကို ခက်ဇော်(ကဗျာ)ရေးဖွဲ့သည့် “ပန်းသတင်း ရနံ့သင်းပျံ့ဖြန့်ဝေ မြတ်နိုးစေ ကဗျာများ” စာအုပ်တို့ဖြင့် ရရှိခဲ့ကြောင်း သိရသည်။

ထို့အပြင် ဝတ္ထုရှည်ဆု ပထမဆုကို မောင်ငြိမ်းမွန် (ချောင်းဦး) ရေးသားသည့် “စပါးတစ်ပြည် ပတ္တမြားတစ်ခြည်”၊ ဒုတိယဆုကို ပုသိမ်အောင်သန်းဦး ရေးသားသည့် “အရှေ့ကုန်းမြင့်ဆီက အာခါတို့၏ ဘူးသီးခြောက်ပုလွေသံ”၊ တတိယဆုကို ဘိုမျိုး (ရွှေဘို)ရေးသားသည့် “အမေနှင့် ကျွန်တော်၊ ကျွန်တော်နှင့် အမေ” စာအုပ်တို့မှ ရရှိခဲ့ကြောင်း ပခုက္ကူစာပေဆု ရန်ပုံငွေကြီးကြပ်ရေးကော်မတီမှ သိရသည်။

ဝတ္ထုတို ပထမဆုကို စိုးမြင့်(စက်မှုတက္ကသိုလ်)ရေးသားသည့် “ရွှေသမင်တောလိုက်နှင့် အခြားထန်းဝတ္ထုတိုများစုစည်းမှု”၊ ဒုတိယဆုကို သက်နှင်းညိုရေးသားသည့် “ဒုတိယမြောက်ခရီး စဉ်နှင့်အခြားဝတ္ထုတိုများ”၊ တတိယဆုကို ကိုကေအီး(နိဗ္ဗာန်)ရေးသားသည့် “ရသအနှစ် ထုဆစ်ပုံဖော် တက္ကစီပေါ်မှ ကိုယ်တွေ့ဝတ္ထုတိုများ” စာအုပ်တို့ဖြင့်လည်းကောင်း ၊ ကျမ်းစာပေဆု ပထမဆုကို မောင်မြကျော်ရေးသားသည့် “အခြေခံပညာ သိကောင်းစရာ”၊ ဒုတိယဆုကို ကျော်သက်ခိုင်(မုံရွာ)ရေးသားသည့် “ဆန်းစစ်လေ့လာ မြန်မာစာပေ ကဗျာလင်္ကာ”၊ တတိယဆုကို သိဒ္ဓိမောင်ဒွေးရေးသားသည့် “မြန်မာ့ရိုးရာ နာမကရဏမင်္ဂလာစာတမ်းနှင့် နည်းပညာများ” စာအုပ်တို့က ရရှိခဲ့ကြောင်း သိရသည်။

ထို့အပြင် သုတေသန စာပေ ပထမဆုကို တင်တော် ရေးသားသည့် “ခေတ်စနစ်အရ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အဆင့်ဆင့်၏ ဖြစ်တည်ဖွံ့ဖြိုးတိုးတက်မှုများ”၊ ဒုတိယဆုကို ဒေါက်တာခင်စန်းရီ ရေးသားသည့် “မြန်မာ့ရိုးရာ ယဉ်ကျေးမှု တူရိယာများကို ပြုလုပ်ထားသော မြန်မာ့သယံဇာတ သစ်ပင်များ”၊ တတိယဆုကို မင်းသူရိန်(ထားဝယ်) ရေးသားသည့် “ထားဝယ်ရိုးရာ ယဉ်ကျေးမှုအမွေအနှစ်များ” စာအုပ်တို့က ရရှိခဲ့သည်။

ပခုက္ကူစာပေဆု၊ ပညာသင်ဆုကို အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်) မှ မခိုင်သဇင်သိန်း ဒုတိယနှစ် (ရုပ်ရှင်နှင့်ပြဇာတ်ပညာဌာန)နှင့် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(မန္တလေး)မှ မမြတ်ရွှေစင်မှူး ဒုတိယနှစ် (ရုပ်ရှင်နှင့်ပြဇာတ်ပညာဌာန)တို့က ရရှိခဲ့ကြကြောင်း သိရသည်။

ပခုက္ကူဦးအုံးဖေ စာကြည့်တိုက်စာအုပ်ဆုကို MP Maung Myint ရေးသားသည့် “ရောက်တတ် ရာရာစာစုများ” စာအုပ်၊ အောင်တိုး(စိန်ခြယ်)ရေးသားသည့် “တောပန်းတစ်ပွင့် ဒိုင်ယာရီ”စာအုပ်နှင့် ဦးမြင့်နိုင်ရေးသားသည့် “မြတ်ဗုဒ္ဓ၏ ဘဝလမ်းညွှန်”စာအုပ်တို့က ရရှိခဲ့သည်။

ဆုချီးမြင့် ငွေများအနေဖြင့် ပခုက္ကူ စာပေတစ်သက်တာ ဆုကို (၁၀) သိန်း၊ ပခုက္ကူစာပေဆု ပထမဆုကို (၇) သိန်း၊ဒုတိယဆုကို (၅) သိန်းနှင့် တတိယဆုကို (၄) သိန်း အသီး သီးချီးမြှင့်သွားမည်ဖြစ်သည့်အတွက် ဆုရရှိသူများအနေဖြင့် စာတည်းမှူးချုပ် စာပေဗိမာန် အမှတ် (၅၂၉/၅၃၁)၊ကုန်သည်လမ်း၊ ရန်ကုန်မြို့ စာတည်းမှူးချုပ် ဖုန်း ၀၁- ၂၄ ဝဝ၄၈ နှင့် စီမံရေးရာဌာန ဖုန်း-၃၈၁၄၄၉ သို့ ဆက်သွယ်ရမည်ဖြစ်ပြီး ဆုချီးမြှင့်ပွဲအခမ်းအနားတွင် ပညာရည်ချွန်ဆုနှင့် စာကြည့်တိုက်စာအုပ်ဆုတို့ကိုပါ ချီးမြှင့်သွားမည်ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here