စားအုန်းဆီအခြေခံလက်ကားရည်ညွှန်းဈေးနှုန်း ကျပ် ၂၀၀ ကျော်မြင့်တက်လာ

0
262

ယခုတစ်ပါတ်အတွက် စားအုန်းဆီအခြေခံလက်ကားရည်ညွှန်းဈေးနှုန်းမှာ ကျပ် ၂၀၀ ကျော်မြင့်တက်လာကြောင်း သိရသည်။

ဧပြီလ ၁၀ ရက်မှ ၂၀ ရက်အထိ ရန်ကုန်အထိုင်ဈေး စားအုန်းဆီလက်ကားရည်ညွှန်းဈေးနှုန်းမှာ တစ်ပိဿာလျှင် ၄၇၉၀ ကျပ်ဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ ထုတ်ပြန်ထားသည်။ ပြီးခဲ့သည့်တစ်ပါတ်တွင် စားအုန်းဆီတစ်ပိဿာ ၄၅၄၅ ကျပ်ဖြစ်ပြီး ယခင်ထက် ၂၄၅ ကျပ် မြင့်တက်လာခြင်းဖြစ်သည်။

လက်ရှိတွင် လက်ကျန် စားသုံးဆီ တန်ချိန် သုံးသောင်းဝန်းကျင်ရှိပြီး သင်္ကြန်မတိုင်ခင် သင်္ဘောရှစ်စင်းနှင့် တန်ချိန် သုံးသောင်းခွဲ ထပ်ရောက်မည်ဖြစ်ကာ စုစုပေါင်း တန်ချိန် ခြောက်သောင်းခွဲရှိမည်ဖြစ် ကြောင်း၊ သင်္ကြန်ကာလအပြီးတွင်လည်း စားသုံးဆီ သင်္ဘောနှစ်စင်းနှင့် ဆီတန်ချိန် တစ်သောင်း တစ်ထောင်ကျော် ထပ်မံရောက်ရှိလာမည်ဖြစ်ပြီး ဧပြီလအတွက် ဆီတန်ချိန် ခုနစ်သောင်း ခြောက်ထောင်ဝန်းကျင်ရှိမည် ဖြစ်ကြောင်း သိရသည်။

စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် စားအုန်းဆီ အဓိကထုတ်လုပ်တင်ပိ့ုသည့် မလေးရှားနိုင်ငံနှင့်အင်ဒိုနီးရှားနိုင်ငံတို့တွင် ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများကို နေ့စဉ်စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခကုန်ကျစရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများ ထည့်သွင်းတွက်ချက်၍ ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရမည့် အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို ထုတ်ပြန်ပေးနေခြင်းဖြစ်သည်။

ယင်းအပြင် ပြင်ပဈေးကွက်တွင်လည်း သင်္ကြန်ကာလအနီးတွင် တစ်ပိဿာ ၇၀၀၀ ဝန်းကျင်အထိ အနည်းငယ် ပြန်လည်မြင့်တက်လာကြောင်း ရောင်းချသူများထံမှ သိရသည်။ ရောင်းချသူများအနေဖြင့် ဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းနှင့် မသမာသည့် လုပ်ဆောင်မှုများ ပြုလုပ်ပါက အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း အသိပေးထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here