အင်ဒီဂါရ်ကာ အသုပ် လို့ခေါ်တဲ့ ရုရှား ငါးအစိမ်းသုပ် ဟင်းပွဲ ဟာ မကြာသေးမီကမှ “Taste Atlas” ရဲ့ စာဖတ်ပရိတ်တွေ ရွေးချယ်ခဲ့တဲ့ ကမ္ဘာ့အဆိုးရွားဆုံး ဟင်းပွဲ ဖြစ်လာခဲ့ပါတယ်။
Taste Atlas ဟာ ကမ္ဘာတစ်ဝန်းက ရိုးရာအစားအသောက်တွေကို ဝေဖန်အမှတ်ပေးတဲ့ အွန်လိုင်း ခရီးသွားလမ်းညွှန် ဝဘ်ဆိုဒ်တစ်ခုဖြစ်ပါတယ်။
အင်ဒီဂါရ်ကာ အသုပ် ဟာ ကမ္ဘာ့အအေးဆုံး ဒေသတွေထဲက တစ်ခုဖြစ်တဲ့ ယာကူရှီရာ ဒေသ ကနေ ဆင်းသက်လာတဲ့ အသုပ်တစ်မျိုးပါ ။ ရုရှားမှာတော့ ဒီဟင်းလျာကို ဗော့ဒ်ကာ၊ သံပုရာစိတ်ကလေးတွေနဲ့ အတူ နှုတ်မြိန်စာ အဖြစ် သုံးဆောင်လေ့ရှိပါတယ်။
ဒီဟင်းပွဲအတွက် လိုအပ်တဲ့ ပါဝင်ပစ္စည်းတွေကတော့ ငါး၊ ကြက်သွန်နီ၊ ဆီ၊ ဆားနဲ့ ငရုတ်ကောင်းမှုန့် တို့ပဲ ဖြစ်ပါတယ်။ ဒီလို ရိုးရှင်းတဲ့ ဟင်းလျာကို လူတွေမကြိုက်ရတဲ့ အကြောင်းရင်းကတော့ ဒီဟင်းမှာ သုံးရတဲ့ ငါးဟာ အစိမ်း ဖြစ်နေရုံသာမက ရေခဲရိုက်ထားသလိုမျိုး အေးခဲနေတဲ့အတွက် ဖြစ်ပါတယ်။
ဒါကြောင့် Taste Atlas ရဲ့ ဝက်ဘ်ဆိုဒ်မှာ ပျမ်းမျှအမှတ် ၁ ဒသမ ၄ မှတ်နဲ့ ကမ္ဘာ့အဆိုးရွားဆုံးဟင်းပွဲ ဖြစ်လာခဲ့တာပါ။ ဒါပေမယ့် ရုရှား ဗလော့ဂါမလေး တစ်ဦးနဲ့ အခြားသူတွေက အင်ဒီဂါရ်ကာရဲ့ အရသာအစစ်ကို ဗော့ဒ်ကာနဲ့ တွဲစားကြည့်မှ ခံစားမိမှာလို့ ကာကွယ်ပြောဆိုထားပါတယ်။
Source: Odditycentral