ရေရှည်ဖြစ်သွားနိုင်သည့် ရုရှားနှင့်စစ်ပွဲအတွက် G – 7 ၏အထောက်အပံ့သည် အရေးကြီးဟုယူကရိန်းဘဏ္ဍာရေးဝန်ကြီးဆို

0
119

ဝါရှင်တန်၊ဧပြီ ၁၆

ရုရှား – ယူကရိန်းစစ်သည် မျှော်မှန်းထားသည်ထက် ပိုကြာနိုင်ကြောင်း အသိအမှတ်ပြုလက်ခံလာကြသဖြင့် မကြာသေးမီကရရှိခဲ့သောအ မေရိကန် ဒေါ်လာ ၁၁၅ ဘီလျံရှိ နိုင်ငံတကာစီးပွားရေးအထောက်အပံ့သစ်သည် ရုရှား၏ကျူးကျော်မှုကိုတိုက်ဖျက်ရာ၌ အောင်နိုင်သည်ဟုယူကရိန်းအား ယုံကြည်မှုပိုရှိလာစေကြောင်း ဘဏ္ဍာရေးဝန်ကြီးကဆိုသည်။

၀ါရှင်တန်၌ပြုလုပ်သည့် နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့နှင့် ကမ္ဘာ့ဘဏ်အစည်းအဝေးများတွင် G – 7 မှ ဘဏ္ဍာရေးဝန်ကြီးများသည် ယူကရိန်းအားလိုအပ်သမျှကာလပတ်လုံး ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်းအာမခံခဲ့သည်ဟုလည်း မာချန်ကိုကပြောကြားခဲ့သည်။

ယင်းနောက် စစ်ရေးပဋိပက္ခများ အရှိန်အဟုန်ပြင်းစွာတိုးလာနိုင်ကြောင်းကို အသိအမှတ်ပြုလက်ခံလျက် ဘဏ္ဍာရေးဆိုင်ရာပံ့ပိုးကူညီမှုအပြင် စစ်ဘက်ဆိုင်ရာပံ့ပိုးကူညီမှုသည်လည်း အလွန်လိုအပ်သည်ဟု ၎င်းကပြောကြားခဲ့သည်။

“ကျွန်တော်တို့အနေနဲ့ ဒီစစ်ကထင်ထားတာထက်ပိုကြာသွားနိုင်လို့ အဆင်သင့်ဖြစ်နေဖို့လိုပါတယ်” ဟု ၎င်းကပြောကြားခဲ့ပြီး G – 7 မိတ်ဖက်များသည် ယမန်နှစ်ကကဲ့သို့ စစ်ပွဲအဆုံးသတ်ရန်ယူကရိန်းအပေါ် တွန်းအားပေးခြင်းမပြုတော့သည်ကို သတိပြုမိသည်ဟုလည်းဆိုခဲ့သည်။

ယင်းနောက် ယူကရိန်းအနေဖြင့် အမေရိက၏ စစ်ရေးနှင့်စီးပွားရေးအကူအညီများကိုလည်း အသိအမှတ်ပြု ကျေးဇူးတင်ရှိကြောင်းပြောကြားခဲ့သည်။အမေရိကသည် ယူကရိန်းစစ်စတင်ကတည်းက စစ်ရေး၊စီးပွားရေးအကူအညီပေါင်း ဒေါ်လာဘီလျံ ၅၀ နီးပါးထောက်ပံ့ပေးခဲ့ခြင်းလည်းဖြစ်သည်။

Source : Reuters
Photo: Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here