ညောင်ဦးတွင် ကလေးငယ် (၁) ဦးနှင့် အမျိုးသမီး (၂) ဦး စီးလာသည့် ဆိုင်ကယ် သေနတ်ဖြင့် ပစ်ခံရ၍ အမျိုးသမီး (၁) ဦးသေဆုံး

0
225

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်ရှိ ညောင်ဦး – ငါ့သရောက်သွား ကားလမ်းတွင် ဧပြီ (၁၇) ရက်က ကလေးငယ် (၁) ဦးနှင့် အမျိုးသမီး(၂) ဦးစီးလာသည့် မော်တော်ဆိုင်ကယ်အား လက်နက်ကိုင်များက သေနတ်ဖြင့် ပစ်ခတ်ခဲ့သည့်အတွက် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ယမန်နေ့ နံနက် (၈) နာရီခန့်တွင် ညောင်ဦး – ငါ့သရောက်သွား ကားလမ်းအတိုင်း ညောင်ဦးမြို့နယ် ဆည်ကျေးရွာ‌နေ မောင်ချမ်းငြိမ်းစည်သူ(၆)နှစ်၊ မမေဇင်ဖြိုး (၃၀)နှစ်၊မဝါဝါအောင်(၂၆)နှစ်တို့ (၃) ဦး စီးနင်းကာ ညောင်ဦးမြို့သို့ သွားရောက်ရန် ဆိုင်ကယ်ဖြင့်မောင်းနှင်လာစဉ် အောင်သာကျေးရွာနှင့် ကုလားတဲကျေးရွာကြား၌ လက်နက်ကိုင်အဖွဲ့များက သေနတ်ဖြင့်ပစ်ခတ်ခဲ့ကြခြင်း ဖြစ်သည်။

“သူတို့နဲ့ အတူပါလာတဲ့ ကလေးက ထိခိုက်မှုမရှိခဲ့ပါဘူး။ လိုအပ်တဲ့ စုံစမ်းစစ်ဆေးတာတွေကို လုံခြုံရေး အဖွဲ့ဝင်တွေ လုပ်ဆောင်နေကြပါတယ်”ဟု လုံခြုံရေးအဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ထိုသို့ ပစ်ခတ်ခဲ့ခြင်း‌ကြောင့် မဝါဝါအောင်မှာ ကျည်ထိမှန်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ပြီး မမေဇင်ဖြိုးတွင်လည်း ကျည်ထိမှန်ဒဏ်ရာများရရှိခဲ့သည့်အတွက် ညောင်ဦးမြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here