မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ မျိုးဆက်သစ် ထူးချွန် လူငယ် ကစားသမားများအား နိုင်ငံတဝန်း ရှာဖွေရွေးချယ်သွားမည်

0
137

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်သည် FIFA-MFF TDS Scouting Tour 2023 အစီအစဉ်ဖြင့် မျိုးဆက်သစ် ထူးချွန်လူငယ် ကစားသမားများအား နိုင်ငံတဝန်းရှာဖွေရွေးချယ်သွားမည်ဖြစ်သည်။

အဆိုပါ အစီအစဉ်သည် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) ၏ စီစဉ်မှုဖြစ်ပြီး အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန၊ ပညာရေး ဝန်ကြီးဌာန၊ မြို့နယ်ဘောလုံးအဖွဲ့ချုပ်များဖြင့် ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ပြီး အသက် (၁၁၊ ၁၂၊ ၁၃၊ ၁၄၊ ၁၅)အရွယ် ထူးချွန်သော မျိုးဆက်သစ် ကစားသမားများအား ဘောလုံးနည်းစနစ် ကျွမ်းကျင်မှုအလိုက် စနစ်တကျ စိစစ်ရွေးချယ်သွားမည်ဟု သိရသည်။

FIFA-MFF TDS Scouting Tour 2023 အစီအစဉ်ဖြင့် ဦးစွာ သွားရောက်ရွေးချယ်မည့် မြို့များမှာ မြစ်ကြီးနား၊ လားရှိုး၊ မန္တလေး၊ စစ်တွေ၊ တောင်ကြီး၊ နေပြည်တော်၊ ပုသိမ်၊ ပြည်၊ ပဲခူး၊ ရန်ကုန်၊ မော်လမြိုင်၊ ထားဝယ်မြို့များနှင့် ပတ်ဝန်းကျင်ဒေသများဖြစ်ပြီး လာမည့် ဧပြီလ (၂၀) ရက်မှ (၂၈) ရက်အထိ ပထမအကြိမ် ရွေးချယ်မှု ပြုလုပ်သွားမည်ဟု သိရသည်။

ယင်းနောက် အပြီးသတ် ရွေးချယ်ခြင်းကို မေလ (၉) ရက် နှင့် (၁၀)ရက်တို့တွင် မန္တလေးမြို့ မြန်မာဘောလုံး အကယ်ဒမီတွင် လည်းကောင်း၊ မေလ (၁၆) ရက်နှင့် (၁၇) ရက်တို့တွင် ရန်ကုန် အမျိုးသား ဘောလုံးအကယ်ဒမီတွင် လည်းကောင်း ပြုလုပ်သွားမည်ဖြစ်ပြီး ရွေးချယ်ခံရသည့် ကစားသမား စာရင်းအား မေလ (၂၄) ရက်တွင် ထုတ်ပြန်ကြေညာပေး သွားမည်ဟုဆိုသည်။

လာရောက်ရွေးချယ်ခံမည် လူငယ်များ အနေဖြင့် မှတ်ပုံတင်၊ ကျောင်းထောက်ခံစာ၊ အိမ်ထောင်စုစာရင်းနှင့် မွေးစာရင်းတို့အား ယူဆောင်လာရမည်ဖြစ်ပြီး လျှောက်လွှာ ဖြည့်စွတ်၍ သက်ဆိုင်ရာ မြို့နယ်များရှိ အားကစားနှင့် ကာယပညာဦးစီးဌာနများသို့ ပေးပို့လျှောက်ထားရမည် ဖြစ်သည်။

FIFA-MFF TDS Scouting Tour 2023 အစီအစဉ်အား မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် နည်းစနစ်ဌာနမှ ဆောင်ရွက်မည် ဖြစ်ပြီး ဝါရင့် မြန်မာ့ လက်ရွေးစင်ဟောင်းများ ဖြစ်သည့် ဦးတင်အောင်(ဂိုး)၊ ဦးအေးမောင်ကြီး၊ ဦးခင်မောင်လေး၊ ဦးငွေထွန်း တို့က အဖွဲ့(၄)ဖွဲ့၏ ခေါင်းဆောင်များအဖြစ် အသီးသီး ဦးဆောင်၍ ကစားသမားရွေးချယ်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

အဖွဲ့အလိုက်သွားရောက် ရွေးချယ်မည့်မြို့များမှာအဖွဲ့ (၁) အနေဖြင့် ရန်ကုန်၊ ပဲခူး၊ ပြည်၊ စစ်တွေမြို့တို့တွင် ရွေးချယ်မည် ဖြစ်ပြီး အဖွဲ့(၂)ကို ပုသိမ်၊ နေပြည်တော်၊ တောင်ကြီး တို့တွင်လည်းကောင်း ၊ အဖွဲ့(၃)ကို မြစ်ကြီးနား၊ မန္တလေး၊ လားရှိုးမြို့နှင့် အဖွဲ့(၄)ကို ဘားအံ၊ မော်လမြိုင်၊ ထားဝယ် မြို့တို့တွင် သွားရောက်ရွေးချယ်မည်ဖြစ်သည်။

မြို့နယ်အလိုက် သွားရောက်ရွေးချယ်မည့် အစီအစဉ်များအနေဖြင့် ရန်ကုန်တွင် ဧပြီလ (၂၀) ရက်၊ ပဲခူးတွင် ဧပြီလ  (၂၁) ရက် ၊ ပုသိမ်၊ မြစ်ကြီးနား၊ ဘားအံမြို့တို့တွင် ဧပြီလ (၂၂) ရက်၊ ပြည်မြို့တွင်(၂၃) ရက်၊ မန္တလေး၊ မော်လမြိုင်တို့တွင် (၂၄) ရက်၊ နေပြည်တော်တွင် (၂၅) ရက်၊ စစ်တွေနှင့် လားရှိုးတွင် (၂၆) ရက်၊ တောင်ကြီး (၂၇) ရက်နှင့် ထားဝယ် (၂၈) ရက်တို့တွင် သွားရောက်ရွေးချယ်သွားမည် ဖြစ်သည်။

ရွေးချယ်ပွဲကျင်းပသွားမည့် ကွင်းများမှာ မြစ်ကြီးနား – ပြည်နယ်ကွင်း ၊ လားရှိုး – ခရိုင်ကွင်း၊ စစ်တွေ – ဝေသာလီကွင်း၊ တောင်ကြီး – ပြည်နယ်ကွင်း၊ နေပြည်တော် – ကွင်း ၁၊ ပုသိမ် – ကိုးသိန်းကွင်း၊ ရန်ကုန် – အကယ်ဒမီကွင်း၊ မန္တလေး – အကယ်ဒမီကွင်း၊ ဘားအံ – အောင်သံ လွင်ကွင်း၊ ထားဝယ် – တိုင်းဘောလုံးကွင်း၊ မော်လမြိုင် – ကျောင်းသားကွင်း၊ ပြည် – ခရိုင်ကွင်း၊ ပဲခူး – တိုင်းဘောလုံးကွင်း တို့တွင် လာရောက်ကာ အရွေးခံရမည်ဖြစ်ကာ https://the-mff.org/?p=7173 တွင် လျောက်လွှာ များ ရယူနိုင်ပါသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here