ရန်ကုန်ရွှေဈေးကွက် သင်္ကြန်အပြီး အမြင့်ဈေးတွင် ဆက်ရှိနေ

0
207

သင်္ကြန်ကာလအပြီး ပြန်လည်ဖွင့်လှစ်ခဲ့သည့် ရန်ကုန်ရွှေဈေးကွက်အတွင်းရှိ ဈေးနှုန်းများမှာ အမြင့်ပိုင်းတွင်သာ ဆက်လက်ရပ်တည်နေဆဲဖြစ်ကြောင်း ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းမှ ဖော်ပြထားသည့် ဈေးနှုန်းများအရ သိရသည်။

YGEA ၏ ယနေ့ ဧပြီလ (၁၈) ရက် ဈေးကွက်အတွင်း စတင်ဖွင့်လှစ်ခဲ့သည့် အဖွင့်ရွှေဈေးနှုန်းမှာ အကယ်ဒမီ မီးလင်းရွှေတစ်ကျပ်သားလျှင် ၂၃၅၆၂၀၀ ကျပ်ဖြစ်ပြီး ကမ္ဘာ့ရွှေဈေး တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၂၀၀၀ ဒေါ်လာဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်း ရွှေအသင်းအနေဖြင့် သင်္ကြန်ရုံးပိတ်ရက် ကာလဖြစ်သည့် ဧပြီလ (၈) ရက်နေ့မှ (၁၇) ရက်အထိ ရွှေဈေးနှုန်းထုတ်ပြန်ခြင်းကို ရပ်နားထားပြီး ယနေ့(ဧပြီလ ၁၈) ရက်တွင် ဈေးကွက်ကို ပြန်လည်ဖွင့်လှစ်ခဲ့ခြင်းလည်း ဖြစ်သည်။

ဧပြီလ (၇) ရက်နေ့အထိ ရန်ကုန်ရွှေအသင်း၏ ရည်ညွှန်းဈေးနှုန်းမှာ(၂၃)သိန်းအထက်တွင် ရှိနေပြီး ပြင်ပရွှေဈေးကွက်တွင်လည်း (၂၉) သိန်းအထက်၌ ရှိခဲ့ရာ ယခုဈေးကွက်ပြန်ဖွင့်ချိန်၌လည်း အကျဖက်သို့ ဦးတည်ခြင်း မရှိသေးသည်ကို တွေ့ရသည်။

သင်္ကြန်ကာလ မတိုင်မီက ရန်ကုန်ရွှေအသင်း ဥက္ကဋ္ဌထံ ပေါ်ပြူလာနယူး(စ်)မှ ဆက်သွယ်မေးမြန်းခဲ့စဉ်က သင်္ကြန်ကာလ အရောင်းအဝယ်ပါးမည်ဖြစ်သည့် ရွှေဈေးကျနိုင်ကြောင်း ခန့်မှန်းထားသော်လည်း လက်တွေ့တွင် ရွှေဈေးမှာ ပြန်လည် ကျဆင်းလာခြင်း မရှိသေးခြင်းလည်း ဖြစ်သည်။

မတ်လ တတိယပတ်မှ စတင်ပြီး ကမ္ဘာ့ရွှေဈေးမြင့်တက်လာမှုနှင့်အတူ ပြည်တွင်းရွှေဈေးကွက်အတွင်းမှာလည်း သိန်း (၃၀) နီးပါးအထိ ဈေးမြင့်တက်လာခြင်းလည်း ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here