ရုရှားရေနံတင်ပို့မှုအားကောင်းဆဲ, တရုတ်နှင့်အိန္ဒိယက အဓိကဝယ်လက်များဖြစ်လာဟုဆို

0
565

ယူကရိန်းစစ်ကြောင့် ရုရှားအားအနောက်အုပ်စုမှ ပိတ်ဆို့ဒဏ်ခတ်မှုများပြုလုပ်ခဲ့သဖြင့် ယခုကာလအတွင်း တရုတ်၊အိန္ဒိယနှင့် ရုရှားတို့၏ဆက်ဆံရေးသည် ပိုမိုအားကောင်းလာခဲ့ပြီး ရေနံကုန်သွယ်မှုသည်လည်း ပိုမိုတိုးတက်လာကြောင်းသိရသည်။

အိန္ဒိယနှင့်တရုတ်တို့သည် ရုရှားရေနံအတွက် တစ်စည်လျှင် ဒေါ်လာ ၆၀ နှုန်းဖြင့်သာရောင်းချရန် အနောက်အုပ်စုက ကန့်သတ်ထားသည့်ဈေးထက်ပိုပေးကာ ဧပြီလအတွင်း ရုရှားထံမှ ရေနံအများအပြားဝယ်ယူခဲ့ကြောင်း ရိုက်တာသတင်းတစ်ရပ်အရသိရသည်။

ရိုက်တာသတင်းဌာန၏တင်ပြချက်အရ အိန္ဒိယသည် ဧပြီလလယ်အထိ ရုရှားရေနံ၏ ၇၀ ရာခိုင်နှုန်းအထိဝယ်ယူခဲ့ပြီး တရုတ်သည် ၂၀ ရာခိုင်နှုန်းဝယ်ယူခဲ့ကြောင်းသိရသည်။

မီဒီယာများ၏ဖော်ပြချက်အရ အိန္ဒိယနှင့်တရုတ်တို့သည် အနောက်အုပ်စုကရုရှားအပေါ်ချမှတ်ထားသော ရေနံဈေးနှုန်းကန့်သတ်ချက်အား လိုက်နာပါမည်ဟုကတိမပြုထားကြောင်းလည်းသိရသည်။

၂၀၂၂ ခုနှစ် ဒီဇင်ဘာလ၌ G – 7 နိုင်ငံများနှင့် ဩစတြေးလျတို့သည် ရုရှားရေနံဈေးနှုန်းအား တစ်စည်လျှင်ဒေါ်လာ ၆၀ နှုန်းသတ်မှတ်ရန်သဘောတူခဲ့ကြပြီး ရုရှား၏အခွန်ဘဏ္ဍာ လျော့ကျရေး ကို ပြုလုပ်ခဲ့ကြသည်။

သို့သော် အဆိုပါဈေးနှုန်းကန့်သတ်ချက်အား သဘောမတူညီသည့်နိုင်ငံများကမူ ယခုကဲ့သို့ ပြုလုပ်ခြင်းသည် ယူကရိန်းရှိ ရုရှား၏ခြေလှမ်းများအားနှေးသွားအောင်မလုပ်နိုင်ကြောင်း ထောက်ပြပြောဆိုခဲ့သည်။

ရုရှားသည် ၂၀၂၂ ခုနှစ်ဖေဖော်ဝါရီလက ယူကရိန်းသို့ကျူးကျော်ခဲ့မှုကြောင့် အနောက်အုပ်စု၏ ပိတ်ဆို့ဒဏ်ခတ်မှုများကိုခံ‌နေရသည်။

Source : WION


LEAVE A REPLY

Please enter your comment!
Please enter your name here