နေပြည်တော် ဥပ္ပါတသန္တိ စေတီတော်တွင် ကဆုန်လပြည့် ဗုဒ္ဓနေ့ အခမ်းအနားအား နိုင်ငံတော်အဆင့် ခမ်းနားစွာကျင်းပမည်

0
303

လာမည့် ကဆုန်လပြည့်နေ့တွင် နေပြည်တော် ဥပ္ပါတသန္တိစေတီတော် ပရိဝုဏ်အတွင်း၌ ကဆုန်လပြည့် ဗုဒ္ဓနေ့ အခမ်းအနားအား နိုင်ငံတော်အဆင့်နှင့်အညီ ခမ်းနားစွာကျင်းပမည်ဖြစ်ကြောင်း အခမ်းအနားကျင်းပရေး နာယကအဖွဲ့ ဥက္ကဋ္ဌ၊ နစက ဒု-ဥက္ကဋ္ဌ၊ ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း ၏ ပြောကြားချက်အရ သိရသည်။

ဧပြီ (၂၀) ရက် မွန်းလွဲ (၂) နာရီက ပြုလုပ်သည့် ကဆုန် လပြည့် ဗုဒ္ဓနေ့ ဆိုင်ရာမင်္ဂလာ အခမ်းအနားများကျင်းပရေး နာယကအဖွဲ့နှင့် ဦးစီးကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

လာမည့် ကဆုန်လပြည့်နေ့တွင် နေပြည်တော်၊ဥပ္ပါတသန္တိစေတီတော် ပရိဝုဏ်အတွင်း၌ ဗုဒ္ဓနေ့ အထိမ်းအမှတ်အဖြစ် သံဃာတော်များကို လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်း၊ ဗုဒ္ဓနေ့ အထိမ်းအမှတ် စာတမ်းဖတ်ပွဲကျင်းပခြင်း၊ ကဆုန်ညောင်ရေ သွန်းလောင်းပွဲအခမ်းအနား ကျင်းပခြင်း၊ ဆီမီးတိုင်များ ကိုင်ဆောင်၍ လှည့်လည်ပူဇော်ခြင်း၊ ဓမ္မသဘင်ဆင်ယင်ကျင်းပခြင်းတို့ကို အပိုင်း(၅)ပိုင်းခွဲ၍ နိုင်ငံတော်အဆင့်နှင့်အညီ ခမ်းနားစွာ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

ဗုဒ္ဓနေ့အထိမ်းအမှတ် စာတမ်းဖတ်ပွဲ အခမ်းအနားတွင် မြတ်စွာဘုရားရှင်၏ ထူးခြားသည့် ဖြစ်တော်စဉ် (၄) ရပ်ကို စာတမ်းများ ပြုစုဖတ်ကြားမည့် စာတမ်းရှင်ဆရာတော် (၄) ပါးအား ရွေးချယ်ပေးတော်မူရန် သီတဂူဆရာတော်ကြီးနှင့် ဗုဒ္ဓတက္ကသိုလ် (၃) ခုမှ ပါမောက္ခချုပ်ဆရာတော်ကြီးများကို လျှောက်ထားပြီးဖြစ်သည်ဟု ဆိုသည်။

“ဆီမီးတိုင်တွေ ကိုင်ဆောင်လှည့်လည် ပူဇော်ပွဲကိုလည်း နိုင်ငံတော်အဆင့်နှင့်အညီ ထည့်သွင်းကျင်းပသွားမှာပါ။ အခမ်းအနားအတွက် လိုအပ်တဲ့ သာသနာ့အလံကိုင် အ မျိုးသား (၈၀) ဦးနဲ့ ဆီမီးတိုင်တွေကိုင်ဆောင်မယ့် အမျိုး သမီး ၁၀၀၀ ဦးကိုလည်း စီစဉ်လျာထားပြီး ဖြစ်ပါတယ်။ လှည့်လည်ပူဇော်မယ့် သရုပ်ပြကားတွေကို နိုင်ငံတော်အဆင့်နဲ့အညီ သပ္ပါယ်ကြည်ညိုဖွယ်ဖြစ်အောင် ပြင်ဆင်ကြဖို့လိုပါတယ်”ဟု နစက ဒု-ဥက္ကဋ္ဌက ပြောသည်။

ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ပွဲကျင်းပမည့် ကဆုန်လပြည့်နေ့အား ဗုဒ္ဓဘာသာသမိုင်းတွင် ထူးခြားမွန်မြတ်သည့် နေ့ထူးနေ့မြတ်ဖြစ်ပြီး ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့က ၁၉၉၉ ခုနှစ်၊ ဒီဇင်ဘာ(၁၃)ရက်တွင် ကျင်းပခဲ့သည့် “အထွေထွေညီလာခံ” တွင် “ကဆုန်လပြည့်ဗုဒ္ဓနေ့”အား နိုင်ငံတ ကာဝိသာခါ အခါတော်နေ့ (International Vesak day or Visākha day)ဟု ဆုံးဖြတ်ချက်အမှတ် ၅၄/၁၁၅ ဖြင့် ထုတ်ပြန်ခဲ့‌ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here