မြန်မာနိုင်ငံတွင် ကိုဗစ် (၁၉) ရောဂါ ကူးစက်ခံရသည့် လူနာသစ်တွေ့ရှိမှု အနည်းငယ်ပြန်လည်မြင့်တက်လာ

0
237

မြန်မာနိုင်ငံတွင် ယခုရက်ပိုင်းအတွင်း ကိုဗစ် (၁၉) လူနာသစ်တွေ့ရှိမှု ပြန်လည်မြင့်တက်လာပြီး တစ်ရက်အတွင်း ကိုဗစ်လူနာသစ် (၃၀) ကျော်အထိရှိလာကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ယမန်နေ့ ဧပြီလ (၂၀) ရက် ညပိုင်း ကျန်းမာရေးဝန်ကြီးဌာန၏ အသိပေးထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင် တစ်ရက်အတွင်း ကိုဗစ် (၁၉) ကူးစက်ခံရသည့် လူနာသစ် (၃၀) ဦး တွေ့ရှိခဲ့ကြောင်း သိရသည်။

ယင်းအထဲမှ (၁၅) ဦးမှာ ပြည်တွင်းကူးစက်မှုဖြစ်ပြီး ကျန် (၁၅) ဦးမှာ ပြည်ပမှ ပြန်လည် ဝင်ရောက်လာသူများ ဖြစ်ကြောင်းလည်း ကျန်းမာရေး ဝန်ကြီးဌာန၏ သတိပေးထုတ်ပြန်ချက်အရ သိရသည်။

အလားတူ ဧပြီလ (၁၉) ရက်ကလည်း မြန်မာနိုင်ငံအတွင်း ကိုဗစ်ရောဂါ ကူးစက်ခံရသည့် လူနာသစ် (၃၉) ဦးအထိ တွေ့ရှိခဲ့ပြီး အဆိုပါ (၃၉) ဦးအနက် (၂၄)ဦးမှာ ပြည်ပမှ ပြန်လည်ဝင်ရောက်လာသူများဖြစ်ပြီး (၁၅) ဦးမှာ ပြည်တွင်း ကူးစက်ခံရသူများ ဖြစ်ကြောင်း သိရသည်။

ယမန်နေ့ည ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ အသစ်တွေ့ရှိသည့် လူနာသစ် (၃၀) ဦးမှာ ဧပြီ (၁၉) ရက် ည (၈) နာရီကနေ ဧပြီ (၂၀) ရက် ည ၈ နာရီ အတွင်း ကိုဗစ်သံသယ လူနာပေါင်း (၁၂,၈၇၂)ခုကို စစ်ဆေးခဲ့ရာမှ အတည်ပြုလူနာသစ် (၃၀) ဦး တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ကျန်းမာရေး ဝန်ကြီးဌာန၏ လတ်တလော စစ်တမ်းများအရ ဧပြီလ (၁၉) ရက်နှင့် (၂၀) ရက် (၂) ရက်အတွင်း တွေ့ရှိခဲ့သည့် ကိုဗစ်လူနာသစ်များထဲတွင် ပြည်တွင်းကူးစက်ခံရသူ (၃၀) ဦးအထိရှိပြီး ပြည်ပမှဝင်ရောက်လာသူ (၃၉) ဦးရှိကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ကိုဗစ်စတင်ဖြစ်ပွားသည့် အချိန်မှစ၍ ယနေ့အချိန်ထိ ကိုဗစ်သံသယလူနာ ၁၀၂၅၉၅၈၆ ဦးကို စစ်ဆေးခဲ့ရာ အတည်ပြုလူနာ ၆၃၄၂၄၃ ဦးတွေ့ရှိခဲ့ပြီး ၁၉၄၉၀ ဦးသေဆုံးခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

လတ်တလောတွင် မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံဖြစ်သည့် အိန္ဒိယနိုင်ငံတွင် ကိုဗစ်မျိုးကွဲသစ်ဖြစ်သည့် XBB 1.1 6 အပါအဝင် ကိုဗစ်ကူးစက်မှုများ မြင့်မားနေဆဲဖြစ်၍ သတိပြုနေထိုင်ကြရန်လည်း ကျန်းမာရေး ဝန်ကြီးဌာနက သတိပေးထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here