G – 7 ၌ သမိုင်းဝင်လက်နက်ထိန်းချုပ်ရေးမိန့်ခွန်းပြောကြားရန် သမ္မတဘိုင်ဒင်အားတိုက်တွန်း

0
128

ဝါရှင်တန်၊ဧပြီ ၂၁

လက်နက်ထိန်းချုပ်ရေးထောက်ခံသူများက မေလ၌ကျင်းပမည့် G – 7 ထိပ်သီးအစည်းအဝေး၌ နျူကင်းစင်ရေးအတွက် အမေရိက၏ကြိုးပမ်းချက်နှင့် တရုတ်၊ရုရှားတို့နှင့်လက်နက်ထိန်းချုပ်ရေးဆွေးနွေးပွဲ ကျင်းပနိုင်ရန်ကြိုးပမ်းခြင်းကတိကဝတ်များကိုပါ ထပ်လောင်းအတည်ပြုရန် သမ္မတဘိုင်ဒင်အား တိုက်တွန်းခဲ့ကြောင်းသိရသည်။

အဆိုပါလက်နက်ထိန်းချုပ်ရေးထောက်ခံသူများတွင် အမေရိကန်ထိပ်တန်း လက်နက်ထိန်းချုပ်ရေး အရာရှိဟောင်းအများအပြားအပါအဝင် ရှေ့နေများလည်းပါဝင်ကြောင်းသိရသည်။

၎င်းတို့က သမ္မတဘိုင်ဒင်ထံပေးပို့သောစာ၌ မကြာမီကျင်းပမည့် G – 7 ထိပ်သီးအစည်းအဝေးသည် နျူဖျက်သိမ်းရေးပန်းတိုင်ကိုမြှင့်တင်လျက် လက်နက်ပြိုင်ဆိုင်မှုအသစ်များကို တားဆီးနိုင်ရန်ကတိပြုဖို့ အခွင့်အလမ်းတစ်ခုဖြစ်ကြောင်းဆိုထားသည်။

သို့သော် ၎င်းတို့၏တောင်းဆိုချက်အား အိမ်ဖြူတော်က ချက်ချင်းမတုန့်ပြန်ခဲ့ကြောင်းသိရပြီး မြောက်ကိုရီးယားကလည်း အမေရိကနှင့် G – 7 အုပ်စုများသည် နျူကင်းစင်ရေးတောင်းဆိုမှုများပြုလုပ်ကာ ၎င်းတို့၏ပြည်တွင်းရေးကို ဝင်စွက်ဖက်နေသည်ဟုဆိုခဲ့သည်။

ပြုံယမ်း၏ နျူတိုးတက်ရေးနှင့်လက်နက်စမ်းသပ်မှုများသည် အမေရိက၏ခြိမ်းခြောက်မှုကိုကာကွယ်ရန်သာဖြစ်ပြီး အမေရိကအနေဖြင့် ၎င်း၏ရန်လိုသောမူဝါဒကိုလျှော့ချရန်လိုအပ်သည်ဟုလည်းဆိုခဲ့သည်။

‌နိုင်ငံ၏လွတ်လပ်သောတည်ရှိမှုနှင့်ဖွံ့ဖြိုးတိုးတက်မှုကိုရပ်တန့်စေမည့် အမေရိကနှင့်၎င်း၏မဟာမိတ်များထံမှ စစ်ရေးခြိမ်းခြောက်မှုများ အပြီးတိုင်ဖယ်ရှားနိုင်ချိန်အထိ အချုပ်အခြာအာဏာပိုင်နိုင်ငံတစ်နိုင်ငံအ‌နေဖြင့် လုပ်ပိုင်ခွင့်ရှိတာမှန်သမျှလုပ်သွားမည်ဟု မြောက်ကိုရီးယားကဆိုခဲ့သည်။

မြောက်ကိုရီးယားသည် မကြာသေးမီကပြုလုပ်ခဲ့သော အမေရိကနှင့်တောင်ကိုရီးယားတို့၏ နွေဦးစစ်ရေးလေ့ကျင့်မှုအား စစ်ရေးအရရန်စမှုဟုမြင်သော်လည်း အမေရိကနှင့်တောင်ကိုရီးယားကမူ ၎င်းတို့အနေဖြင့်ကာကွယ်ရေးအတွက်လေ့ကျင့်ခြင်းသာဖြစ်ပြီး ရန်စလိုမှုစိုးစဉ်းမျှမရှိကြောင်းတုံ့ပြန်ပြောကြားခဲ့သည်။

Source : Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here