နယ်ဝေး ရထားများနှင့် မြို့ပတ်ရထားများ ပုံမှန်အတိုင်း ပြန်လည်ပြေးဆွဲနေပြီဖြစ်ကြောင်း ရန်ကုန်ဘူတာကြီးမှ ရုံပိုင်ချုပ်ကြီးပြော

0
176

ဧပြီလ (၁၉) ရက်မှ စတင်ကာ မြို့ပတ်နှင့် နယ်ဝေးရထားများ ပုံမှန်အတိုင်း ပြန်လည်ပြေးဆွဲနေပြီဖြစ်ကြောင်း မြန်မာ့မီးရထား၊ ရန်ကုန်ဘူတာကြီးမှ ရုံပိုင်ချုပ်ကြီး ဦးသောင်းထိုက်က ပြောသည်။

ပြီးခဲ့သည့် သင်္ကြန်ကာလအတွင်း မြန်မာ့မီးရထားမှ ရန်ကုန်မြို့ပတ် ရထားလမ်းကြောင်းများအပြင် နယ်ဝေးရထား ပြေးဆွဲမှုများကိုပါ ရပ်နားထားခဲ့ခြင်းဖြစ်ပြီး ဧပြီလ (၁၇) ရက် နှစ်ဆန်းတစ်ရက်နှင့် ဧပြီလ (၁၈) ရက်တို့တွင် လမ်းကြောင်း အချို့ကို သင်္ကြန်အထူးရထားများအဖြစ် ပြေးဆွဲပေးခဲ့ကြောင်း သိရသည်။

လက်ရှိတွင် နယ်ဝေးရထား ခရီးစဉ်များအဖြစ် မြန်မာ့မီးရထားက ရန်ကုန် – မန္တလေးလမ်းပိုင်းတွင် အမြန်ရထား (၄)စင်း၊ စာပို့ရထား (၂)စင်း၊ ရန်ကုန် – မော်လမြိုင်လမ်းပိုင်းတွင် အမြန်ရထား (၂)စင်း၊ ရန်ကုန် – ပြည်လမ်းပိုင်းမှာ အမြန်ရထား (၂)စင်း၊ စာပို့ရထား (၂)စင်း၊ ရန်ကုန် – ပဲခူးလမ်းပိုင်းတွင် ရထား (၂)စင်း၊ ပုသိမ် – ဟင်္သာတ – ကြံခင်းလမ်းပိုင်းတွင် စာပို့ရထား (၂)စင်း၊ ပျဉ်းမနား – တောင်တွင်းကြီး လမ်းပိုင်းတွင် လူစီးကုန်တင်ရထား (၂)စင်း ပြေးဆွဲပေးလျက်ရှိကြောင်း သိရသည်။

ထို့အပြင် သာစည် – ရွှေညောင်လမ်းပိုင်းတွင် စာပို့ရထား (၂)စင်း၊ ပြင်ဦးလွင် – ဂုတ်ထိပ် လမ်းပိုင်းတွင် အမြန်ရထား (၂)စင်း၊ ပြည်တော်သာ – ရေချမ်းပြင် လမ်းပိုင်းတွင်ရထား (၄)စင်း၊ တောင်ကြီး – ဆိုက်ခေါင်လမ်းပိုင်းတွင် လူစီးကုန်တင်ရထား (၂)စင်းဖြင့် နယ်ဝေးရထား စုစုပေါင်း (၂၈)စင်းနှင့် ရန်ကုန်မြို့ပတ်ရထား (၂၆)စင်း စုစုပေါင်း လူစီးရထား (၅၄) စင်း ပြေးဆွဲပေးနေကြောင်း မြန်မာ့မီးရထား ၊ ရန်ကုန်ဘူတာကြီးမှ စုံစမ်းသိရသည်။

ပြီးခဲ့သည့် သင်္ကြန်ကာလ မတိုင်ခင် ပြေးဆွဲခဲ့သည့် သင်္ကြန် အထူးရထားများတွင် စီးနင်းသည့် ခရီးသည်ဦးရေမှာ နှစ်ဆခန့် မြင့်တက်လာခဲ့ပြီး ရထားစင်းရေများ ထပ်တိုး ပြေးဆွဲပေးခဲ့ရကြောင်းလည်း မြန်မာ့ မီးရထား၏ အချက်အလက်များအရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here