ချေးငွေထုတ်ချေးပေးရန် လိုအပ်သည့် စီးပွားရေးလုပ်ငန်းများနှင့် ကုန်ထုတ်လုပ်ရေးလုပ်ငန်းများကို သတ်မှတ်ချက်များအတိုင်း ဆောင်ရွက်ပေးမည်ဟု ဗဟိုဘဏ် ဥက္ကဋ္ဌပြော

0
163

မြန်မာနိုင်ငံအတွင်းမှ စီးပွားရေးလုပ်ငန်းများနှင့် ကုန်ထုတ်လုပ်ရေးလုပ်ငန်းများအတွက် ချေးငွေများထုတ်ချေးပေးရန်လိုအပ်သည့် ရင်းနှီးမြှုပ်နှံမှုများကို သတ်မှတ်ချက်များနှင့်အညီ တိုးတက်ဆောင်ရွက်ပေးသွားမည်ဖြစ်‌ကြောင်း မြန်မာနိုင်ငံ ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက ပြောသည်။

ဧပြီလ (၂၀) ရက် မွန်းလွဲပိုင်းက ပြုလုပ်သည့် ငွေရေး ကြေးရေး ကုမ္ပဏီများ၏ ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများတိုးတက်ကောင်း မွန်စေရေးဆိုင်ရာအစည်းအဝေးတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ငွေကြေးဝန်ဆောင်မှု လုပ်ငန်းများဆိုင်ရာ သဘောတူညီချက်တွေကို လုပ်ထုံးလုပ်နည်းနဲ့အညီ ဆောင်ရွက်သွားဖို့အရေးကြီးပါတယ်။ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးဆိုင်ရာဆောင်ရွက်ဖို့တွေကို စနစ်တကျဆောင်ရွက်သွားဖို့လိုပါတယ်”ဟုလည်း ဗဟိုဘဏ် ဥက္ကဋ္ဌ‌ဒေါ်သန်းသန်းဆွေက ပြောသည်။

ငွေရေးကြေးရေး ကုမ္ပဏီများအနေဖြင့်လည်း ဗဟိုဘဏ်မှထုတ်ပြန်ထားသည့် ညွှန်ကြားချက်များ၊ စည်းမျဉ်းများနှင့်အညီ တိကျစွာလိုက်နာရန် လိုအပ်ကာ ကောင်းမွန်မှန်ကန်ပြီး ခေတ်မီ Digital နည်းပညာအသုံးပြုထားသည့် ငွေကြေးဝန်ဆောင်မှုများမှတဆင့် ငွေရေးကြေးရေးကုမ္ပဏီများ၏ ဂုဏ်သတင်းနှင့် အကျိုးစီးပွားမြင့်တက်စေရန်ဆောင်ရွက်ကြရန် ၎င်းက မှာကြားခဲ့သည်။

ထို့အပြင် ငွေရေးကြေးရေးလုပ်ငန်းကဏ္ဍဖွံ့ဖြိုးရေးမှတဆင့် နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးမှုကို အရှိန်အဟုန်မြင့်မား‌လာစေရန် ကြိုးပမ်းလုပ်ဆောင်ကြရမည်ဖြစ်ကြောင်းလည်း ၎င်းကဆိုသည်။

ယမန်နေ့ မွန်းလွဲပိုင်းက ပြုလုပ်သည့် အစည်းအဝေးသို့ တက်ရောက်လာသည့် ငွေရေးကြေးရေး ကုမ္ပဏီများမှတာဝန်ရှိသူများက ငွေကြေးဝန်ဆောင်မှု လုပ်ငန်းများဆောင်ရွက်လျက်ရှိမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များ၊ ငွေကြေးဝန်ဆောင်မှု လုပ်ငန်းများကို Digital နည်းလမ်းဖြင့် တိုးချဲ့ဆောင်ရွက်သွားမည့် အစီအစဉ်များကို ရှင်းလင်းတင်ပြခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here