ထိုင်ဝမ်ရေလက်ကြားနှစ်ဖက်လုံးအား တရုတ်ပိုင်–တရုတ်နိုင်ငံခြားရေးဝန်ကြီး

0
297

ရှန်ဟိုင်း၊ဧပြီ ၂၁

ထိုင်ဝမ်ရေလက်ကြားနှစ်ဖက်လုံးသည် တရုတ်နိုင်ငံအပိုင်ဖြစ်သဖြင့် ၎င်း၏အချုပ်အခြာအာဏာကို တရုတ်နိုင်ငံကထိန်းသိမ်းရန်ကြိုးပမ်းခြင်းသည်မှန်ကန်သင့်လျော်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ချင်ဂန်းကပြောကြားခဲ့သည်။

“တရုတ်က ထိုင်ဝမ်ရေလက်ကြားတစ်လျှောက် ငြိမ်းချမ်းရေးနဲ့တည်ငြိမ်ရေးကိုပျက်စီးစေပြီး တည်ငြိမ်နေတဲ့လက်ရှိအနေအထားကို ပြောင်းဖို့ကြိုးစား‌နေပါတယ်ဆိုတဲ့ ယုတ္တိမရှိတဲ့စကားတွေနဲ့ မကြာသေးခင်ကတိုက်ခိုက်ခံခဲ့ရပါတယ်” ဟု ၎င်းကဆိုခဲ့သည်။

“အဲ့လိုပြောတဲ့သူတွေရဲ့ တွေးခေါ်နိုင်စွမ်းက ရယ်စရာကောင်းနေပြီး အဆုံးသတ်ကတော့ အန္တရာယ်များပါလိမ့်မယ်” ဟူ၍လည်း ပြောကြားခဲ့သည်။

ယင်းနောက် ၎င်းကဆက်လက်၍ “မျှတတဲ့စိတ်ဓာတ်ရှိသူတွေကပဲ ဘယ်သူကအနိုင်ကျင့်ပြီး ဩဇာလွှမ်းနိုင်အောင်လုပ်နေတယ်၊ဘယ်သူကသဘောထားကြီးကြီးနဲ့ နားလည်ပေးနေလဲဆိုတာသိနိုင်မှာပါ” ဟုလည်းဆိုခဲ့သည်။

“တကယ်ပြဿနာရှာနေတာက တရုတ်ပြည်မကမဟုတ်ဘဲ ထိုင်ဝမ်ခွဲထွက်ရေးသမားတွေနဲ့ သူတို့ကိုထောက်ခံတဲ့နိုင်ငံတွေကသာ တရုတ်တစ်ပြည်တည်းဆိုတဲ့ ငြင်းမရတဲ့အမှန်တရားကို ပြင်ဖို့ကြိုးစားနေကြတာပါ” ဟုလည်းပြောကြားခဲ့သည်။

“ထိုင်ဝမ်အရေးဟာ မီးတစ်ခုလိုဖြစ်နေပြီး မီးနဲ့ကစားသူတွေက နောက်ဆုံးမှာသူတို့မီးနဲ့သူတို့ပြန်လောင်သွားတတ်ပါတယ်” ဟုမစ္စတာချင်ကဆိုသည်။

တရုတ်သည်ထိုင်ဝမ်အား ၎င်း၏ပိုင်နက်အဖြစ်ရှုမြင်ထားပြီး မကြာသေးခင်က ထိုင်ဝမ်သမ္မတနှင့် ကန်အောက်လွှတ်တော်ဥက္ကဌတို့၏တွေ့ဆုံမှုအပေါ် မကျေနပ်ဖြစ်ကာ ထိုင်ဝမ်အနီးတစ်ဝိုက် စစ်ရေးလေ့ကျင့်မှုများလည်းပြုလုပ်ခဲ့သေးသည်။

Source : ရိုက်တာ/အာဂျေ


LEAVE A REPLY

Please enter your comment!
Please enter your name here