ကူးစက်အားကောင်းနေသည့် ကိုဗစ်မျိုးကွဲသစ် အတ်တူရပ်စ်ကြောင့် ပထမဆုံး လူသေဆုံးမှု ထိုင်းတွင် ဖြစ်ပွား

0
269

ကိုဗစ်-၁၉ ရောဂါအသစ် အတ်တူရပ်စ် (Arcturus) ကြောင့် ပထမဆုံးအကြိမ် လူသေဆုံးမှုကို ထိုင်းနိုင်ငံတွင် တွေ့ရှိခဲ့ရကြောင်း ကျန်းမာရေးတာဝန်ရှိသူများက ဧပြီလ ၂၁ ရက် သောကြာနေ့တွင် အသိပေးခဲ့သည်။

အတ်တူရပ်စ်သည် အိုမီခရွန်မှ သန္ဓေကွဲဆင်းသက်လာသော ရောဂါအသစ် ဖြစ်ပြီး ယခုတလော ထိုရောဂါကြောင့် ကမ္ဘာတစ်ဝန်း ကိုဗစ်ကူးစက်ခံရသူများ ပြန်လည်မြင့်တက်လာနေသည်။ ထို့ပြင် အတ်တူရပ်စ်သည် ယခင်မျိုးကွဲသစ်ထက် ၁ ဒသမ ၂ ဆ ကျော် ပိုမိုကူးစက်မြန်သည်ဟုလည်း ယူဆရသည်။

အတ်တူရပ်စ်ကြောင့် ပထမဆုံးအကြိမ် သေဆုံးသူမှာ သက်ကြီးရွယ်အို နိုင်ငံခြားသားဖြစ်ပြီး အခြားသော ရောဂါအခံများလည်း ရှိနေကြောင်း ဆေးသိပ္ပံပညာ ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ စုပါကစ် စီရီလတ်ခ် က ပြောလာခဲ့သည်။

ထို့ကြောင့် အထက်ပါ ပုဂ္ဂိုလ် သေဆုံးမှုသည် အတ်တူရပ်စ်ရောဂါ ပြင်းထန်မှုနှင့် တိုက်ရိုက် မသက်ဆိုင်ဘဲ အခြားရောဂါဒဏ်များကြောင့်သာ ဖြစ်နိုင်ကြောင်း သူက ပြောခဲ့သည်။

အတ်တူရပ်စ် ကူးစက်ခံရလျှင် ဖြစ်လေ့ရှိသော လက္ခဏာဆန်းတစ်ရပ်မှာ ကူးစက်ခံရသူ၏ မျက်လုံးသည် ပန်းရောင် သို့မဟုတ် အနီရောင် ဖြစ်လာပြီး ယားယံလာလေ့ရှိသည်ကို တွေ့ရသည်။ အထူးသဖြင့် ကလေးများတွင် အဖြစ်များသဖြင့် အထူးဂရုစိုက်သင့်ပေသည်။

Source: WION


LEAVE A REPLY

Please enter your comment!
Please enter your name here