ဘီလျံနာသူဌေးကြီး ဂျက်မာ တရုတ်ပြည်ရှိ ထိပ်တန်း တက္ကသိုလ်တစ်ခုတွင် ပါမောက္ခအဖြစ် ပညာသင်ကြားပေးမည်

0
261

ဟောင်ကောင်၊ ဧပြီ ၂၁

အလီဘာဘာ လုပ်ငန်းစုကြီးကို တည်ထောင်သူ ဂျက်မာသည် မကြာမီ တရုတ်နိုင်ငံရှိ ထိပ်တန်း တက္ကသိုလ်တစ်ခုတွင် စီးပွားရေးလုပ်ငန်းဆိုင်ရာ ပညာရပ်များကို သင်ကြားပို့ချပေးတော့မည် ဖြစ်ကြောင်း သိရသည်။

ဂျက်မာသည် ဟောင်ကောင် တက္ကသိုလ်မှ ဂုဏ်ထူးဆောင် စီးပွားရေး လုပ်ငန်းပါမောက္ခအဖြစ် ခန့်အပ်ခြင်းကို ခံခဲ့ရကြောင်း အဆိုပါ တက္ကသိုလ်က ဧပြီလ ၂၁ ရက် သောကြာနေ့တွင် ကြေညာခဲ့သည်။

ဂျက်မာသည် လွန်ခဲ့သည့် ၂ နှစ်ကျော်ကတည်းက တရုတ်အစိုးရ၏ နည်းပညာလုပ်ငန်းကဏ္ဍအပေါ် ဖြိုခွင်းမှုများကြောင့် ပြည်ပသို့ ထွက်ပြေးတိမ်းရှောင်နေခဲ့ရာ မကြာသေးမီကမှ တရုတ်ပြည်သို့ ပြန်လည်ရောက်ရှိလာခဲ့သည်။ ထို့နောက် ယခုကဲ့သို့ ခန့်အပ်ခံခဲ့ရခြင်း ဖြစ်သည်။

ဂျက်မာသည် ပါမောက္ခအဖြစ် သုံးနှစ်ကြာ လုပ်ကိုင်ရမည်ဖြစ်ပြီး ၂၀၂၆ ခုနှစ် မတ်လ ရောက်မှ သက်တမ်းကုန်ဆုံးမည် ဖြစ်သည်။ ဂျက်မာသည် အလီဘာဘာကို တည်ထောင်စဉ် ရရှိလာသော အတွေ့အကြုံကောင်းများနှင့် အသိပညာများကို ဟောင်ကောင်တက္ကသိုလ်ရှိ စီးပွားရေးအတန်းများတွင် ပြန်လည်မျှဝေသွားမည် ဖြစ်သည်။

ဂျက်မာသည် ပညာရေးနှင့် ပတ်သက်လာလျှင် ခေသူမဟုတ်ပေ။ အလီဘာဘာကို မတည်ထောင်မီ တက္ကသိုလ်တစ်ခု၌ အင်္ဂလိပ်ဆရာအဖြစ် ၈ နှစ်ကြာ လုပ်ကိုင်ခဲ့ဖူးသလို ၂၀၁၈ ခုနှစ်တွင်လည်း ဟောင်ကောင်တက္ကသိုလ်မှ ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ကို ရရှိခဲ့သူဖြစ်သည်။

Source: စီအင်န်အေ


LEAVE A REPLY

Please enter your comment!
Please enter your name here