လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့်ပျက်စီးခဲ့သည့် စာသင်ကျောင်းများကို လာမည့်ကျောင်းဖွင့်ချိန်အမီပြီးစီးအောင်ပြန်လည်တည်ဆောက်ရန် နစက ဥက္ကဋ္ဌမှာကြား

0
211

နေပြည်တော်၊လယ်ဝေးမြို့နယ်၌ ဧပြီ ၂၁ ရက်ည ၆ နာရီ ၂၀ မိနစ်ခန့်က လေဆင်နှာမောင်းတိုက် ခတ်မှုကြောင့် ပျက်ဆီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သည့် တံတားဦးကျေးရွာနှင့်အောင်ကုန်းကျေးရွာတို့သို့ ဧပြီ ၂၂ ရက်(ယနေ့)နံနက်ပိုင်းက နစက ဥက္ကဋ္ဌမှသွားရောက်ကြည့်ရှုစဥ် တာဝန်ရှိသူများအား မှာကြားခဲ့ခြင်းဖြစ်သည်။

လေပြင်းတိုက်ခတ်မှုကြောင့်ပျက်စီးခဲ့သည့် စာသင်ကျောင်းများကို လာမည့်ကျောင်းဖွင့်ချိန်အမီ ပြီးစီးအောင်ပြန်လည်တည်ဆောက်ရန်၊ဘုန်းတော်ကြီးကျောင်းကိုလည်း ကောင်းမွန်အောင် ပြန်လည်ဆောင်ရွက်ပေးရန် တာဝန်ရှိသူများအား နစက ဥက္ကဋ္ဌကမှာကြားခဲ့သည်။

ပျက်စီးဆုံးရှုံးခဲ့ရသည့် လူနေအိမ်များကိုလည်း အိမ်ရာကွက်စနစ်တကျပြန်လည်ဖော်ဆောင်၍ နေအိမ်များပြန်လည်တည်ဆောက်နေ ထိုင်နိုင်စေရန် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန် လည်နေရာချထားရေးဝန်ကြီးဌာန၊နေပြည်တော် ကောင်စီနှင့်နေပြည်တော်တိုင်းစစ်ဌာနချုပ်တို့မှ လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးရန်လည်းပါဝင်သည်။

ထို့ပြင် တာဝန်ရှိသူများအနေဖြင့် ကျေးရွာရှိ လေဘေးသင့်ပြည်သူများ၏ လတ်တလောစားရေးအဆင်ပြေစေရေးအတွက် လိုအပ်သည်များကို ကူညီထောက်ပံ့ဆောင်ရွက်ပေးရန်လည်း နစက ဥက္ကဋ္ဌကမှာကြားခဲ့သည်။

နစက ဥက္ကဋ္ဌမှ အောင်မြင်ကုန်းကျေးရွာအုပ်ချုပ်ရေးမှူးဦးတင်အောင်နှင့်လေဘေးသင့်ပြည်သူများအား တွေ့ဆုံအားပေးစကားပြောကြားကာ ဖြစ်စဥ်ကြောင့်သေဆုံးခဲ့သည့် အောင်မြင်ကုန်းကျေးရွာနှင့်တံတားဦးကျေးရွာနေသူများအတွက် ထောက် ပံ့ငွေများပေးအပ်ပြီးနောက် ပျက်စီးသွားခဲ့သည့် အောင်မြင်ကုန်းကျေးရွာစာသင်ကျောင်း၊ဘုန်းတော်ကြီးကျောင်းနှင့်လူနေအိမ်များကို လိုက်လံကြည့်ရှုခဲ့သည်။

ထို့နောက် နေပြည်တော်ခုတင်(၁၀၀၀)ဆေးရုံ၌ ဆေးကုသမှုခံယူနေသည့် လေဘေးသင့်ပြည်သူ များကို အားပေးစကားပြောကြားကာ စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့သည်။

လယ်ဝေးမြို့နယ်အတွင်း လေဆင်နှာမောင်းတိုက် ခတ်မှုကြောင့် အောင်မြင်ကုန်းကျေးရွာရှိ နေအိမ် ၁၅၅ လုံး၊စာသင်ကျောင်း ၁ ကျောင်း၊ကျေးလက်ဆေးပေးခန်း ၁ လုံး၊ဘုန်းတော်ကြီးကျောင်း ၁ ကျောင်းနှင့်တံတားဦးကျေးရွာရှိ နေအိမ် ၇၇ လုံး၊ဘုန်းတော်ကြီးကျောင်း ၁ ကျောင်းတို့ ပျက်စီး ဆုံးရှုံးခဲ့ပြီး ဒေသခံ ၆ ဦးသေဆုံးကာ ၁၁၃ ဦးထိ ခိုက်ဒဏ်ရာများရရှိခဲ့သည်။

နယ်မြေခံလုံခြုံရေးအဖွဲ့ဝင်များ၊ရဲတပ်ဖွဲ့ဝင်များ၊မီးသတ်တပ်ဖွဲ့ဝင်များ၊ဌာနဆိုင်ရာဝန်ထမ်းများနှင့်စေတနာ့ဝန်ထမ်းများက အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ပေးခြင်း၊ဒဏ်ရာရသူများအား နီးစပ်ရာဆေးရုံများသို့ ဆေးကုသမှုခံနိုင်ရေး ပို့ဆောင်ပေးခြင်းများကိုဆောင်ရွက်ပေးခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here