မကွေးတိုင်းနှင့်မန္တလေးတိုင်းတို့တွင် လေပြင်းတိုက်ခတ်မှုကြောင့် စေတီ ၅ ဆူနှင့်နေအိမ် အလုံး ၁၀၀၀ ခန့်အပါအဝင် အခြားပျက်စီးမှုအများအပြားဖြစ်ပေါ်ခဲ့

0
215

မကွေးတိုင်းနှင့်မန္တလေးတိုင်းတို့ရှိ မြို့နယ် ၆ ခုတွင် ဧပြီ ၂၁ ရက်ညပိုင်းက လေပြင်းများတိုက်ခတ်မှုကြောင့် စေတီ ၅ ဆူနှင့်နေအိမ် ၉၉၈ လုံးအပါအဝင် အခြားပျက်စီးဆုံးရှုံးမှုအများအပြားဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

မကွေးတိုင်း၊စလင်းမြို့နယ်၌ ည ၁ နာရီခန့်က လေပြင်းတိုက်ခိုက်မှုကြောင့် ယင်း မြို့နယ်အတွင်းရှိ ရပ်ကွက်(၉)ရပ်ကွက်နှင့်ကျေးရွာ(၉၄)ရွာမှ စေတီတော် ၂ ဆူ၊နေအိမ် ၆၃၈ လုံး စာသင်ကျောင်း ၅ ကျောင်း၊ဘုန်းတော်ကြီးကျောင်း ၃ ကျောင်း၊ဓမ္မာရုံ ၁ ခု၊လျှပ်စစ်မီးတိုင် ၉ တိုင်၊ဌာနဆိုင်ရာရုံးအဆောက်အဦး ၂ လုံး၊ ဝန်ထမ်းအိမ်ရာ ၂ ခန်းနှင့်ရေစင် ၁ ခုတို့ ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

ထို့ပြင် နတ်မောက်မြို့နယ်၊နတ်မောက်မြို့ရှိ ရပ်ကွက် ၇ ရပ်ကွက်နှင့်ကျေးရွာ ၂၀ ရွာတို့မှ နေအိမ် ၂၉၆ လုံးလည်း ပျက်စီးဆုံးရှုံးသွားခဲ့ကြောင်း သိရသည်။

ထို့အတူ မန္တလေးတိုင်းအတွင်း၌လည်း ည ၁ နာရီခွဲခန့်မှစတင်၍ လေပြင်းများတိုက်ခတ်ခဲ့သဖြင့် အောင်မြေသာစံမြို့နယ်မှ စေတီတော် ၂ ဆူ၊နေ အိမ် ၄ လုံး၊လျှပ်စစ်မီးတိုင် ၂၄ တိုင်၊စာသင်ကျောင်း ၂ ကျောင်း၊ကား ၆ စီးတို့ ပျက်စီးဆုံးရှုံးခဲ့သည်။

မတ္တရာမြို့နယ်ရှိ တောင်ပြုံးကြီးကျေးရွာမှ နေအိမ် ၃ လုံး၊ ဆူးကားကျေးရွာမှ နေအိမ် ၉ လုံး၊ ဥဒေါင်းကျေးရွာမှ နေအိမ် ၁၆ လုံး၊ သပြေသာကျေးရွာမှ စာသင်ကျောင်း ၁ ကျောင်း၊ ပေါက်ဝဲကျေးရွာမှ နေအိမ် ၂၅ လုံးတို့လည်း ပျက်စီးဆုံးရှုံးသွားခဲ့သည်။

ထို့ပြင် ပုသိမ်ကြီးမြို့နယ်၊ သရက်တစ်ပင် ကျေးရွာမှ စေတီတော် ၁ ဆူ၊လျှပ်စစ်မီးတိုင် ၆ တိုင်၊သ ပိတ်ကျင်းမြို့နယ်၊ ပေါက်တစ်ပင်ကျေးရွာမှ နေအိမ် ၇ လုံးတို့လည်း ပျက်စီးဆုံးရှုံးသွားခဲ့ကြောင်း သိရသည်။

ထိုသို့ ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သည့်နေရာများ၌ နေထိုင်သူများအား သက်ဆိုင်ရာနယ်မြေခံလုံခြုံရေးအဖွဲ့ဝင်များနှင့်တာဝန်ရှိသူများက ရှင်းလင်းမှုများပြုလုပ်ပေးခဲ့ကြပြီး စားသောက်ဖွယ်ရာများနှင့်အိမ်ဆောက်ပစ္စည်းများကို ထောက်ပံ့ပေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here