ဆူဒန်ရောက်ထိုင်းနိုင်ငံသားများအတွက် အကူအညီပေးရေးစင်တာထူထောင်

0
219

ဘန်ကောက်၊ဧပြီ ၂၂

ထိုင်းနိုင်ငံသည် ဆူဒန်၌ လက်ရှိဖြစ်ပွားနေသောစစ်ပွဲကြောင့် ဆူဒန်ရောက်ထိုင်းနိုင်ငံသားများအတွက် အကူအညီပေးနိုင်မည့်စင်တာအား ထူထောင်ထားကြောင်းထိုင်းအာဏာပိုင်များထံမှသိရသည်။ယခုလက်ရှိတွင် ဆူဒန်၌ ကျောင်းတက်နေသည့်ထိုင်းနိုင်ငံသား ၂၁၀ ဦးရှိပြီး အဆိုပါကျောင်းသားများအား အကူအညီပေးနိုင်ရန် စင်တာထူထောင်ခဲ့ခြင်းဖြစ်သည်ဟုလည်းဆိုသည်။

တိုက်ပွဲပြင်းထန်နေစဉ်ကာလအတွင်း ကျောင်းသားများအခက်အခဲရှိပါကကူညီနိုင်ရန်နှင့် ၎င်းတို့၏အခြေအနေအား ထိုင်းရှိမိသားစုများထံ ပြန်လည်ဆက်သွယ်ပေးခြင်းမျိုးပါ ဆောင်ရွက်ပေးကြောင်းလည်းသိရသည်။

ဆူဒန်၌ ဧပြီလ ၁၅ ရက်နေ့ကတည်းက အစိုးရနှင့် RSF အဖွဲ့များအကြားတိုက်ပွဲများဖြစ်ပွားနေခြင်းဖြစ်သည်။ ယခုဆူဒန်၌ရောက်ရှိနေသည့် ထိုင်းနိုင်ငံသားကျောင်းသားများသည် ထိုင်းတောင်ပိုင်းဒေသများမှ ထိုင်း – မွတ်စလင်လူငယ်များဖြစ်ကြပြီး အာဖရိကတက္ကသိုလ်၌ ၎င်းတို့၏ပညာရေးကို ဆက်လက်ဆည်းပူး လေ့လာနေသူများလည်းဖြစ်သည်ဟုဆိုသည်။

ထိုင်းတာဝန်ရှိသူများအနေဖြင့် အဆိုပါကျောင်းသားများ နေထိုင်စားသောက်ရာ၌လိုအပ်သည်များကို ထောက်ပံ့ပေးနိုင်ရန် ရန်ပုံငွေပါချပေးမည်ဖြစ်ကြောင်းလည်းသိရသည်။ယခုထက်ပို၍ အခြေအနေဆိုးလာပါကမူ အဆိုပါကျောင်းသားများအား ထိုင်းနိုင်ငံသို့ပြန်လည်ခေါ်ယူရေးအတွက်လည်းဆွေးနွေးနေကြောင်းသိရသည်။

၎င်းတို့အားပြန်လည်ခေါ်ယူရန် လေကြောင်းနှင့်ကုန်းကြောင်း နှစ်မျိုးအသုံးပြုနိုင်ပြီး လေကြောင်းအသုံးပြုခေါ်ယူပါက လတ်တလောဆူဒန်လေပိုင်နက်အနေအထား၊လေဆိပ်အနေအထားအပါအဝင် ကုန်းလမ်းအသုံးပြုလျှင်ဖြစ်လာနိုင်သည့်အနေအထား၊ကျောင်းသားများ၏ နီးကပ်နေသည့်အရေးကြီးစာမေးပွဲအခြေအနေစသည်များကိုပါ ထည့်သွင်းစဉ်းစားရမည်ဖြစ်သည်ဟုလည်းဆိုသည်။

ဆူဒန်၌ ထိုင်းနိုင်ငံသားကျောင်းသားများအပြင် အလုပ်လုပ်နေသည့် အလုပ်သမားခြောက်ဦးခန့်လည်းရှိနိုင်ကြောင်း အလုပ်သမားရေးရာဝန်ကြီးဌာနကပြောကြားခဲ့သည်။

Source : The Thaiger


LEAVE A REPLY

Please enter your comment!
Please enter your name here