G–7 က ပင်လယ်နက်ဂျုံသဘောတူညီချက် သက်တမ်းတိုးရန်နှင့် အပြည့်အဝအကောင်အထည်ဖော်ရန်တောင်းဆို

0
199

တိုကျို၊ဧပြီ ၂၃

G–7 စိုက်ပျိုးရေးဝန်ကြီးများတွေ့ဆုံဆွေးနွေးပြီးနောက်ထုတ်ပြန်သည့်ကြေငြာချက်၌ ပင်လယ်နက်ဂျုံတင်ပို့မှုသည် အရေးကြီးသောသဘောတူညီချက်တစ်ရပ်ဖြစ်သဖြင့် သက်တမ်းတိုးကာ အပြည့်အဝအကောင်အထည်ဖော်ဆောင်ရွက်စေလိုကြောင်း တောင်းဆိုခဲ့သည်ဟုသိရသည်။

ပြီးခဲ့သည့်နှစ်ဇူလိုင်လက ကုလနှင့်တုကီယေးတို့၏ ကြားဝင်စေ့စပ်ပေးမှုဖြင့် ပင်လယ်နက်မှတစ်ဆင့်ဂျုံတင်ပို့ခြင်းအား သဘောတူညီမှုလက်မှတ်ရေးထိုးခဲ့ကြပြီး အဆိုပါသဘောတူညီချက်အရ ယူကရိန်းသည် ပင်လယ်နက်ဆိပ်ကမ်းများမှ ဂျုံတန်ချိန် ၂၇ သန်းကျော်အား တင်ပို့ခွင့်ရခဲ့ကြောင်းသိရသည်။

သို့သော်ရုရှားကမူ ၎င်း၏ကိုယ်ပိုင်ဂျုံနှင့်ဓာတ်မြေဩဇာများတင်ပို့မှု ချောမွေ့စေရေးအတွက် တောင်းဆိုချက်များအား မလိုက်လျောကြသဖြင့် လာမည့်မေလ ၁၈ ရက်သဘောတူညီချက်သက်တမ်းပြည့်ပြီးပါက သဘောတူညီချက်အား ဆက်လက်ခွင့်ပြုတော့မည်မဟုတ်ကြောင်း အခိုင်အမာအချက်ပြနေခဲ့သည်။

G–7 စိုက်ပျိုးရေးဝန်ကြီးများကမူ ရုရှားအနေဖြင့် အစားအစာနှင့်ရိက္ခာများအား မတည်ငြိမ်မှုနှင့် ပထဝီနိုင်ငံရေးအကျပ်ကိုင်မှု၌အသုံးပြုနေမှုအားရှုံ့ချပြီး ရုရှား၏ရိက္ခာလက်နက်ဒဏ်ခံရသည့်နေရာများအတွက် စုပေါင်းရပ်တည်ဖြေရှင်းပေးသွားမည်ဖြစ်ကြောင်း ကြေငြာချက်၌ဖော်ပြထားသည်။

ရုရှားနိုင်ငံခြားရေးဝန်ကြီးဆာဂေးလားရော့ဗ်ကလည်း ယူကရိန်းပင်လယ်နက်ဂျုံတင်ပို့ရေး သဘောတူညီချက်နှင့်ပတ်သက်၍ ကုလအတွင်းရေးမှူးချုပ်အန်တိုနီယိုဂူတာရက်စ်နှင့် နူးယော့ခ်၌တွေ့ဆုံဆွေးနွေးရန်စီစဉ်ထားကြောင်းသိရသည်။

Source : Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here