မန္တလေးတိုင်းရှိ မြို့နယ် (၂) ခုအတွင်း မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးမှုများဖြစ်ပေါ်ခဲ့

0
203

မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ်နှင့် ပျော်ဘွယ်မြို့နယ်တို့တွင် ဧပြီ (၂၃) ရက် ညနေပိုင်းက မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုများကြောင့် ပျက်စီးမှုများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

ရမည်းသင်းမြို့နယ်၌ ညနေ (၅) နာရီခန့်တွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်ခဲ့သဖြင့် ကုလားမျောကျေးရွာအုပ်စု၊ ကုလားမျောကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းဝင်းအတွင်း၌ သစ်ပင်များလဲကျခဲ့သဖြင့် ရွာတန်းမီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များကရှင်းလင်းပေးခဲ့ရကြောင်း သိရသည်။

ထို့ပြင် ညနေ (၅) နာရီ (၁၅) မိနစ်ခန့်တွင်လည်း ပျော်ဘွယ်မြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းကာ လေပြင်းတိုက်ခတ်ခဲ့သဖြင့် ပျော်ဘွယ်မြို့၊ မြင်းဘက်ရပ်ကွက်အရှေ့ရှိ ရန်ကုန် – မန္တလေးသွား ကားလမ်းမပေါ်တွင် သစ်ပင်များလဲကျခဲ့ကြောင်း သိရသည်။

မြို့သစ်ရပ်ကွက်အရှေ့ရှိ ဒီဃယုက ဘုရားလမ်းပေါ်၊ မန္တလေးတန်း ရပ်ကွက်အရှေ့ရှိ အ.မ.က ကျောင်းလမ်းပေါ်၊ ရှမ်းပွဲ ရပ်ကွက်အရှေ့ရှိ ရပ်ကွက်လမ်းကြီးပေါ်၊ မြို့မရပ်ကွက်အရှေ့ရှိ မဟာဗန္ဓုလလမ်းမကြီးပေါ်တို့တွင် သစ်ပင်များလဲကျခဲ့သဖြင့် ပျော်ဘွယ်ခရိုင်မီးသတ်စခန်း၊ပျော်ဘွယ်မြို့နယ်မီးသတ်စခန်း၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းဝင်များက ဝိုင်းဝန်းရှင်းလင်းပေးခဲ့ကြရကြောင်း သိရသည်။

“လူထိခိုက်ဒဏ်ရာရတာမရှိပါဘူး။ လေတိုက်တာက အဖျားခတ်သွားတဲ့ အဆင့်လောက်ပဲရှိပါတယ်။ မြို့စွန်ဖက်က အိမ်တွေကတော့ အနည်းအကျဥ်းပျက်စီးသွားတယ်။ လိုအပ်တာတွေကူညီပေးနေပါတယ်။ ရှင်းလင်းရေးလုပ်ငန်းတွေကိုလည်း မီးသတ်တပ်ဖွဲ့နဲ့ ပေါင်းပြီးလုပ်ဆောင်ပေးခဲ့ပါတယ်” ဟု ပျော်ဘွယ်မြို့နယ်အခြေစိုက် လူမှုကူညီရေးအသင်းဝင်တစ်ဦးက ပြောသည်။

ထို့ပြင် ပျော်ဘွယ်မြို့နယ်ရှိ နေရာအချို့နှင့် မြို့စွန်ရပ်ကွက်များရှိ နေအိမ်အချို့မှာလည်း အမိုးလန်ပျက်စီးမှုများ၊ ကားလမ်းဘေးရှိ ကြော်ငြာဆိုင်းဘုတ်များပြုတ်ကျခြင်းနှင့် လျှပ်စစ်ဓာတ်ကြိုးများ၊ ဆက်သွယ်ရေးလိုင်းကြိုးများပြတ်ကျခြင်းတို့ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ – ပျော်ဘွယ်မြို့နယ် မီးသတ်တပ်ဖွဲ့


LEAVE A REPLY

Please enter your comment!
Please enter your name here