ရုရှားသတင်းထောက်များကို ဗီဇာငြင်းပယ်ခဲ့သည့် အမေရိကအား ခွင့်မလွှတ်ဟုနိုင်ငံခြားရေးဝန်ကြီး လာရော့ဗ် ပြော

0
194

မော်စကို၊ ဧပြီ ၂၄

ရုရှားက အမေရိကသည် နူးယော့ခ်မြို့တွင် ကျင်းပမည့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အစည်းအဝေးပွဲ၌ သတင်းရေးကြမည့် ရုရှားသတင်းထောက်များ၏ ပြည်ဝင်ခွင့် ဗီဇာကို ငြင်းပယ်ခဲ့ကြောင်း ဧပြီလ ၂၃ ရက် တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည်။

ရုရှားသတင်းထောက်များသည် အဆိုပါ အစည်းအဝေးပွဲတွင် သဘာပတိအဖြစ် ကြီးမှူးဆောင်ရွက်မည့် ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေး လာရော့ဗ်၏ ပြောကြားချက်များကို သတင်းရယူရေးသားလိုခြင်း ဖြစ်သည်။ ထိုကိစ္စနှင့် ပတ်သက်၍ ရုရှားနိုင်ငံခြားရေး ဝန်ကြီး လာရော့ဗ်က ပြင်းပြင်းထန်ထန် ပြန်လည်တုံ့ပြန်သွားမည်ဟု ပြောလာခဲ့သည်။

“ဒီလိုလုပ်ခံရတာကို ငါတို့တွေ မေ့ပျောက်မှာလည်း မဟုတ်သလို ခွင့်လွှတ်မှာလည်း မဟုတ်ပါဘူး။ အမေရိကန်တွေ ရုရှားအပေါ် ဒီလိုမျိုး မလုပ်သင့်ဘူးဆိုတာကို အချိန်အကြာကြီး အမှတ်ရသွားအောင်လို့ ဒီကိစ္စနဲ့ ပတ်သတ်ပြီး လက်တုံ့ပြန်သွားပါမယ်” ဟု လာရော့ဗ်က အမေရိကသို့ မထွက်ခွာခင် ပြောကြားခဲ့သည်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနဘက်ကမူ ဗီဇာငြင်းပယ်ခြင်း ကိစ္စနှင့် စပ်လျဉ်း၍ လတ်တလော မှတ်ချက်ပေးထားခြင်း မရှိပေ။

သို့ရာတွင် အမေရိကဘက်က ထိုကဲ့သို့ ပြုမူခဲ့ခြင်းမှာ ပြီးခဲ့သည့်လတွင် ရုရှားနိုင်ငံရှိ ဝေါစထရိဂျာနယ်မှ အမေရိကန်သတင်းထောက် တစ်ဦးအား ရုရှားတို့က သူလျှိုလုပ်မှုဖြင့် စွပ်စွဲကာ ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်းကြောင့် ဖြစ်နိုင်ပေသည်။

Source:CNA


LEAVE A REPLY

Please enter your comment!
Please enter your name here