လက်ပံပျားတွင် ဘုရားဖူး Express ယာဉ်တစ်စီး မီးလောင်မှုဖြစ်ပွား၊ လူထိခိုက်ဒဏ်ရာမရှိခဲ့ဟုဆို

0
265

ယနေ့ ဧပြီလ (၂၄) ရက် နံနက် (၁၁) နာရီခွဲအချိန်တွင် မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ် ၊ လက်ပံပျားရွာအနီးတွင် ဘုရားဖူးယာဉ်တစ်စီး မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း မေတ္တာမွန်လူမှုကူညီရေးနှင့် ကယ်ဆယ်ရေးအသင်းမှ သိရသည်။

ဖြစ်စဉ်မှာ လက်ပံပျားရွာ အရှေ့ကုန်းထိပ် မိုင်တိုင် ၃၇/ ၃ အနီးတွင် ဘုရားဖူး Express ယာဉ်တစ်စီး လေအိတ်ပေါက်၊ ဘရိတ်ရှူးငြိကာ တာယာအပူရှိန် မြှင့်တက်နေချိန် ရေလောင်းမိလိုက်ရာမှ တာယာပွင့်၍ အမှတ်မထင် မီးလောင်မှုဖြစ်ပွားခဲ့ရကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်တွင် မီးလောင်ကျွမ်းခဲ့သည့် ယာဉ်ပေါ်၌ လူကြီး (၃၀) ဦး၊ ကလေး (၁၂) ဦး၊ ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက် (၃) ဦး စုစုပေါင်း (၄၅) ဦး လိုက်ပါလာပြီးထိခိုက်ဒဏ်ရာမရှိခဲ့ကြောင်း သိရသည်။

“ကားတစ်စီးလုံးကတော့ အကုန်မီးလောင်သွားတယ်။ ခရီးသည်တွေရဲ့ပစ္စည်းအနည်းငယ်ကတော့ ပြန်ရတယ်။ ကားတန်ဖိုးက လက်ရှိပေါက်ဈေးနဲ့ဆို သိန်း ၁၄၀ တန်ဖိုးရှိတယ်လို့ သိရတယ်။ ခရီးသည်တွေကိုတော့ ကျွန်တော်တို့ ကယ်တင်လိုက်နိုင်တယ်။ ထိခိုက်ဒဏ်ရာတစ်ယောက်မှ မရခဲ့ပါဘူး”ဟု မေတ္တာမွန် လူမှုကူညီရေးနှင့် ကယ်ဆယ်ရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါ မီးလောင်ကျွမ်းမှုကို လက်ပံပျား ကျေးရွာသူရွာသားများ လူငယ်များ မေတ္တာမွန်လူမှုကူညီရေးနှင့် ကယ်ဆယ်ရေးအသင်းအဖွဲ့များ လက်ပံပျား တိုက်နယ်မီးသတ်တပ်ဖွဲ့၊ လက်ပံပျားစခန်း ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများမှ ပူးပေါင်းကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here