ရွေးကောက်ပွဲသည် တိုင်းပြည်၏ဂုဏ်သိက္ခာနှင့်သက်ဆိုင်သည့် အမျိုးသားရေးတာဝန်တစ်ရပ်ဖြစ်ပြီး နိုင်ငံ၏အနာဂတ်ကို ဖော်ဆောင်မည့်ခေါင်းဆောင်များကိုရွေးချယ်ခြင်းဖြစ်

0
178

စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ရှင်သန်ထွန်းကားရေးနှင့်ပတ်သက်၍ နစက ဥက္ကဋ္ဌမှ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ်ပညာရေးဘွဲ့  ၅ နှစ်သင်တန်း အမှတ်စဉ် (၅) ၏ ကျောင်းသား၊ကျောင်းသူများအား ဧပြီ ၂၄ ရက်မွန်းလွဲပိုင်းကတွေ့ဆုံစဥ် ပြောကြားခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ရှင်သန်ထွန်းကားရန် လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲကိုအောင်မြင်စွာကျင်းပနိုင်ရန် အလွန်အရေးကြီးသည်ဟု ဆိုသည်။

“ရွေးကောက်ပွဲဟာ တိုင်းပြည်ရဲ့ဂုဏ်သိက္ခာနဲ့သက်ဆိုင်တဲ့ အမျိုးသားရေးတာဝန်တစ်ရပ်ဖြစ်သလို နိုင်ငံရဲ့အနာဂတ်ကိုဖော်ဆောင်မယ့် ခေါင်းဆောင်တွေကို ရွေးချယ်ခြင်းဖြစ်ပါတယ်၊ဒါ့ကြောင့် အလွန်အရေးကြီးပါတယ်၊လွတ်လပ်ပြီးတရားမျှတမှသာ ပါတီစုံဒီမိုကရေစီစနစ်အပေါ်မှာ ပြည်သူတွေယုံကြည်မှုရှိမှာဖြစ်သလို ကောင်းမွန်တဲ့နိုင်ငံရေးသမိုင်းကို ပုံဖော်နိုင်မှာဖြစ်ပြီး နိုင်ငံတကာအသိုင်းအဝိုင်းမှာလည်း မိမိတို့နိုင်ငံရဲ့ ဂုဏ်သိက္ခာမြင့်မားစေမှာဖြစ်ပါတယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။

ဒီမိုကရေစီစနစ်ဆိုသည်မှာ ပြည်သူများကိုယ်တိုင်ရွေးချယ်သည့် ပြည်သူ့ကိုယ်စားလှယ်များက ပြည်သူများကိုယ်စား တာဝန်ယူ၊တာဝန်ခံ၍ အုပ်ချုပ်သည့်စနစ်ဖြစ်ကာ ဖက်ဒရယ်စနစ်ဆိုသည်မှာ ပြည်ထောင်စုအတွင်း တိုင်းနှင့်ပြည်နယ်များတွင် အတူယှဉ်တွဲနေထိုင်သည့် တိုင်းရင်းသားလူမျိုးများ၊လူမျိုးစုများကို စုစည်းလုပ်ကိုင်ရာတွင် လုပ်ပိုင်ခွင့်များကို ခွဲဝေကျင့်သုံးသည့် အယူအဆသဘောတရားဖြစ်ပြီး ပေါင်းစည်းနေထိုင်ခြင်း၊မျှဝေခံစားခြင်းပင်ဖြစ်သည်ဟု ဆိုသည်။

မိမိတို့၏ အခွင့်အရေးများ၊နစ်နာမှုများ၊မိမိတို့ဒေသနှင့်ဆိုင်သည့် အရေးအရာများကို လွှတ်တော်များတွင် တရားဝင်ပြောဆိုခွင့်၊ဆွေးနွေးခွင့်ကျယ်ပြန့်စွာကိုယ်စားပြုခွင့်ရရှိရန် ရွေးကောက်ပွဲစနစ်အား လက်ရှိကျင့်သုံးနေသည့် ဦးသူအနိုင်ယူ (FPTP)စနစ်အပြင် အချိုးကျကိုယ်စားပြု(PR) စနစ်ကိုလည်း ပေါင်းစပ်ကျင်းပနိုင်ရန် UEC ကနိုင်ငံရေးပါတီများနှင့်တွေ့ဆုံဆွေးနွေးလျက်ရှိသည်ဟု ဆိုသည်။

“ရွေးကောက်ပွဲကျင်းပရာမှာ နိုင်ငံသားတစ်ဦးချင်းစီရဲ့ဆန္ဒသဘောထားကို လွတ်လပ်စွာဖော်ထုတ်နိုင်ဖို့ ခြိမ်းခြောက်မှု၊အကျပ်ကိုင်မှု၊မတရားတိုက်တွန်းမှု၊လူအုပ်စုနဲ့ အနိုင်ကျင့်လွှမ်းမိုးမှုစတဲ့ မတရားမှုတွေနဲ့ကင်းဝေးစေရမှာဖြစ်ပါတယ်၊ အစိုးရအနေနဲ့လည်း တစ်နိုင်ငံလုံးအကြားအလပ်မရှိအထွေထွေရွေးကောက်ပွဲကျင်းပပေးနိုင်ဖို့ မဲပေးကြမယ့် နိုင်ငံသားအားလုံး မတရားမှုကနေ ကင်းဝေးစေဖို့ ကြိုးပမ်းဆောင်ရွက်လျက်နေပါတယ်” ဟု နစက ဥက္ကဋ္ဌကပြောသည်၊

ထို့ပြင် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးလိုလားတောင့်တသည့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသော ပြည်ထောင်စုနိုင်ငံတော်အဖြစ် တည်ဆောက်နိုင်ရန် တစ်နိုင်ငံလုံးတည်ငြိမ်အေးချမ်းရေးနှင့်ထာဝရငြိမ်းချမ်းရေးရရှိရန်မှာ အဓိကလိုအပ်သည်ဟု ဆိုသည်။

လက်နက်ကိုင်လမ်းစဉ်နှင့်လက်နက်ကိုင်ပဋိပက္ခများကိုစွန့်ခွာပြီး တွေ့ဆုံဆွေးနွေးခြင်းမှတဆင့် မှန်ကန်သည့် နိုင်ငံရေးလမ်းကြောင်းဖြစ်သော NCA အတိုင်း ငြိမ်းချမ်းစွာလျှောက်လှမ်းကြမှသာ ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုနိုင်ငံတော်ကို တည်ဆောက်နိုင်မည်ဟုလည်း နစက ဥက္ကဋ္ဌကဆိုသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here