တရုတ်နှင့်ဥရောပ၏ဆက်ဆံရေးသည် ရုရှား-တရုတ်ဆက်ဆံရေးကဲ့သို့ပင် အကန့်အသတ်မရှိဟု တရုတ်သံတမန်ဆို

0
260

ပေကျင်း၊ဧပြီ ၂၄

ရုရှားနှင့်တရုတ်တို့၏ဆက်ဆံရေးသည် အကန့်အသတ်မရှိသကဲ့သို့ တရုတ်နိုင်ငံ၏ ဥရောပအပါအဝင် ကျန်နိုင်ငံများနှင့်ဆက်ဆံရေးသည်လည်း အဆုံးမရှိကြောင်း ဥရောပသမဂ္ဂဆိုင်ရာ တရုတ်သံတမန်ကပြောကြားခဲ့သည်။

ရုရှား-ယူကရိန်းအရေး၌ တရုတ်သည်ရုရှားအားပြစ်တင်ဝေဖန်မှုမလုပ်ဘဲ ဆိတ်ဆိတ်နေခဲ့မှုအတွက်လည်း ဥရောပသမဂ္ဂသံတမန်အများစုက တရုတ်အားဝေဖန်ခဲ့ကြသည်။ပေကျင်းသည် ယူကရိန်းသို့ ရုရှားမဝင်ရောက်မီရက်အနည်းငယ်၌ပင် သမ္မတရှီနှင့်သမ္မတပူတင်တို့တွေ့ဆုံခဲ့ကြပြီး ၎င်းတို့နှစ်နိုင်ငံဆက်ဆံရေးသည် အဆုံးမဲ့ခိုင်မာနေမည်ဟုဆိုခဲ့သည်။

ဥရောပသမဂ္ဂဆိုင်ရာ တရုတ်သံတမန်ကမူ “ နိုင်ငံများအကြားချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများသည် အဆုံးမဲ့ဆက်ဆံရေးမျိုးသာဖြစ်သင့်ပြီး အတုအယောင်မျိုးမလုပ်သင့်ကြောင်း” ပြောကြားခဲ့သည်။

ယင်းနောက် ၎င်းက တရုတ်နှင့်ရုရှားဆက်ဆံရေးအကန့်အသတ်မရှိသကဲ့သို့ပင် တရုတ် – ဥရောပဆက်ဆံရေးသည်လည်း အလားတူပင်ဖြစ်ကြောင်းပြောကြားခဲ့သည်။

တရုတ် – ဥရောပဆက်ဆံရေးပျက်ပြားစေရန် တရုတ် – ရုရှားဆက်ဆံရေးအား အကြောင်းပြနေခြင်းမှာမဖြစ်သင့်ကြောင်း၎င်းကဆိုကာ ယူကရိန်းသို့ဝင်တိုက်မည့်ရုရှားအစီအစဉ်အား တရုတ်ကသိနေခြင်းမဟုတ်သကဲ့သို့ အများပြောကြနေကြသည့်အတိုင်း ရုရှားအားလက်နက်ထောက်ပံ့နေသည်ဆိုသည်မှာလည်း မဟုတ်မှန်ကြောင်း၎င်းကပြောကြားခဲ့သည်။

အီးယူနိုင်ငံခြားရေးမူဝါဒအကြီးအကဲ ဂျိုးဇက်ဘိုရယ်ကမူ တရုတ်အနေဖြင့် ရုရှားအားကန့်ကွက်ရန်ပျက်ကွက်ခြင်းနှင့် နိုင်ငံတကာစည်းမျဉ်းဖောက်ဖျက်မှုအားမြင်နေပါလျက် ကြားနေသဘောမျိုးနေခြင်းသည် ယုံကြည်စရာမကောင်းဟုဆိုခဲ့သည်။

ယင်းအပြင်တရုတ်၏ ထိုင်ဝမ်အနီးတစ်ဝိုက်စစ်ရေးလေ့ကျင့်မှုများအတွက်လည်း ဥရောပအသိုင်းအဝိုင်း၏ ဝေဖန်မှုများမြင့်တက်ခဲ့ပြီး ပြင်သစ်သတင်းစာတစ်ခု၏ ထင်မြင်ယူဆချက်ကဏ္ဍ၌ မစ္စတာဘိုရယ်ကမူ ဥရောပရေတပ်များ ထိုင်ဝမ်ရေလက်ကြား၌ ကင်းလှည့်သင့်ကြောင်း ၎င်း၏ထင်မြင်ချက်အား ထုတ်ဖော်ပြောကြားခဲ့သည်။

Source : Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here