ဆန်ဈေးမြင့်တက်စေရန် လှုံ့ဆော်နေသူများကို ရေရှည်အကျိုးအတွက် ဝိုင်းဝန်း ဖော်ထုတ်ကြရန် ဆန်စပါးအသင်းချုပ် တိုက်တွန်း

0
196

ဈေးကွက်အတွင်း ဆန်ဈေးမြင့်တက်စေရန် လှုံ့ဆော်နေသူများအား ဆန်စပါးလောက၏ ရေရှည်အကျိုးအတွက် ဝိုင်းဝန်းဖော်ထုတ်ကြရန် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က တိုက်တွန်း ပြောကြားထားသည်။

လတ်တလောတွင် ဆန်ဈေးမြင့်တက်စေရန် လှုံ့ဆော်မှုများနှင့် စားသုံးသူပြည်သူများ စိုးရိမ်ထိတ်လန့်မှု ဖြစ်ပေါ်‌စေရန် လှုံ့ဆော်မှုများ ၊ မမှန်မကန်ဈေးနှုန်းများကို လူမှုကွန်ရက်မှတဆင့် ဖြန့်ဝေမှုများ ရှိနေကြောင်း အသင်းချုပ်က ဆိုသည်။

ယင်းကဲ့သို့ ဆောင်ရွက်နေသူများအား ဆန်စပါးလောက၏ ရေရှည်အကျိုးအတွက် ဝိုင်းဝန်းစိစစ်ဖော်ထုတ်ပြီး သတိပေးခြင်း၊ စည်းရုံးပညာပေးခြင်းများ လုပ်ဆောင်ပြီး ထူးခြားမှုမရှိပါက သက်ဆိုင်ရာသို့ တင်ပြရန် စီစဉ်ဆောင်ရွက်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က ထုတ်ပြန်ထားသည်။

ပစ္စည်းမှန်၊ ဈေးနှုန်းမှန်ဖြင့် ဆန်ဝယ်ယူလိုသော အဖွဲ့အစည်း/အိမ်ထောင်စုများ အနေဖြင့် ကုန်စည်ဒိုင်များတွင် ဆက်သွယ်ဝယ်ယူနိုင်ပြီး အခက်အခဲ ရှိပါက အသင်းချုပ်ရုံး၊ ကုန်စည်ဒိုင် ရုံးများသို့ ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်းလည်း သိရသည်။

ပြည်တွင်း ဆန်ဈေးနှုန်းများ မြင့်တက်စေရန် ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်နေသူများ ရှိနေသည့်အတွက် ဆန်ဈေးနှုန်း တည်ငြိမ်စေရန် နှင့် ပစ္စည်းမှန်၊ ဈေးနှုန်းမှန် ၊ အရောင်းအဝယ်မှန် ဖြစ်စေရေး ထိန်းကျောင်းဆောင်ရွက်သွားရန် အသင်းချုပ်အနေဖြင့် ဆန်စပါးကုန်သည်များအသင်း၊ ကုန်စည်ဒိုင်များ၊ ဆန်စက်ပိုင်များ၊ ဆန်ကုန်သည်များ၊ ကုမ္ပဏီများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ၎င်းတို့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ကြောင့် ကုန်သည်ပွဲစားများနှင့် စက်ပိုင်များ အနေဖြင့်လည်း ရေတိုအကျိုးအမြတ်နှင့် ရေရှည်အကျိုးစီးပွားကို မျှတစွာ ချင့်ချိန်ပြီး ရောင်းဝယ်လုပ်ကိုင်ကြရန်လည်း အသိပေးထားသည်။

“သင်္ကြန်ကာလအတွင်း ဆန်စက်အချို့ မလည်ပတ်နိုင်တာကို အခွင့်ကောင်းယူပြီး ဒီရက်ပိုင်းဆန်အဝင်နည်းသွားတော့ ဆန်ကုန်သည်ပွဲစားတချို့ စျေးဆွဲတင်ကစားကြတာပါ”ဟုဝါးတန်းဆန်စပါးကုန်စည်ဒိုင်ရှိကုန်သည်တစ်ဦးမှပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here