အဘိုးက မြေးကို ပြန်ပေးဆွဲပြီး သမီးဆီကနေ ပိုက်ဆံတောင်း

0
202

တရုတ်နိုင်ငံမှာ ပင်စင်စား အဖိုးအိုတစ်ယောက်ရဲ့ လုပ်ရပ်ကြောင့် တရုတ်ပြည်သူ တစ်ရပ်လုံး အံ့ဩမဆုံး ဖြစ်ခဲ့ရပါတယ်။

ဖြစ်စဉ်ကတော့ ယွမ်လို့ ခေါ်တဲ့ အသက် ၆၅ နှစ်အရွယ် အဘိုးဟာ အသက် ၄ နှစ်သာ ရှိသေးတဲ့ မြေးမလေးကို ပြန်ပေးဆွဲသွားပြီး သမီးအရင်းဆီကနေ ပြန်ရွေးငွေ ယွမ် ၅ သိန်း (ဒေါ်လာ ၇၂,၅၀၀) တောင်းခံခဲ့တာပါ။

တရုတ်သတင်းမီဒီယာတွေရဲ့ ဖော်ပြချက်အရကတော့ ယွမ်ဟာ လောင်းကစားစွဲနေသူဖြစ်ပြီး စိတ်မထိန်းနိုင်တဲ့အတွက် အခုလိုလုပ်ခဲ့တာဖြစ်ပါတယ်။

ယွမ် ဟာ မြေးမလေးကို ကျောင်းက အပြန်ကြိုလာသလိုနဲ့ မိဘတွေဆီ ပြန်မပို့ဘဲ ပြန်ပေးဆွဲသွားခဲ့ပါတယ်။ အဲဒီနောက် သူ့သမီးဆီ ဖုန်းဆက်ပြီး မြေးမလေးကို နောက်တစ်ကြိမ် အသက်ရှင်လျက် ပြန်တွေ့ချင်ရင် သုံးရက်အတွင်း ယွမ် ၅ သိန်းနဲ့ ပြန်လာရွေးရမယ်လို့ ခြိမ်းခြောက်ခဲ့တယ်။

အရမ်းတုန်လှုပ်သွားတဲ့ ယွမ်ရဲ့ သမီးဟာ ရဲတွေဆီ ဖုန်းဆက်တိုင်ကြားပြီး ယွမ်ကို ဖမ်းဆီးခိုင်းခဲ့ပါတယ်။ အဲဒီဖြစ်ရပ် ဘယ်တုန်းက ဖြစ်ပျက်ခဲ့လဲဆိုတာ သေချာမသိရပေမယ့် ယွမ်ဟာ သူ့ရဲ့ ဆင်ခြင်တုံတရား ကင်းမဲ့တဲ့ လုပ်ရပ်ကြောင့် လက်ရှိမှာတော့ ထောင်နန်းစံနေရပြီလို့ ရှန်ဟိုင်း ဥပဒေ ဂျာနယ် က ပြောထားပါတယ်။

ဒါပေမဲ့ ယွမ်ဟာ သူ့လုပ်ရပ်အတွက် နောင်တ မရသေးပဲ သူအဖမ်းခံရတာ သူ့သမီးကြောင့် ဆိုပြီး အပြစ်တင်နေတုန်းပါ။ ဒေါသထွက်နေတဲ့ တရုတ်ပြည်သူအများစုကတော့ ယွမ်ဟာ အဘိုး၊ အဖေလို့ ခေါ်ထိုက်တဲ့သူ မဟုတ်တဲ့အတွက် ယွမ်ရဲ့သမီးကို သူနဲ့ ရေစက်ဖြတ်ပစ်ဖို့ အကြံပေးနေကြပါတယ်။

Source: Odditycentral


LEAVE A REPLY

Please enter your comment!
Please enter your name here