သင်္ကြန်အပြီးတွင် တစ်ပတ်အတွင်း မြန်မာနိုင်ငံတွင် ကိုဗစ်ပိုးတွေ့ လူနာ (၃၀၀) နီးပါးအထိရှိလာ

0
277

သင်္ကြန်ကာလအပြီး ဧပြီ (၁၉) ရက်မှ စတင်ကာ ပြည်တွင်း၌ ကိုဗစ်ပိုးတွေ့လူနာ (၃၀၀) နီးပါးအထိ ရှိလာပြီး ရောဂါကူးစက်မှု ပြန်လည်မြင့်တက်လာကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ ဖော်ပြထားသည့် စာရင်းများအရ သိရသည်။

ကျန်းမာရေးဝန်ကြီးဌာန၏ စာရင်းများအရ ပြီးခဲ့သည့် ဧပြီလ (၁၉) ရက်တွင် ပိုးတွေ့လူနာ (၃၉) ဦး၊ (၂၀) ရက်တွင် (၃၀) ဦး၊ (၂၁) ရက်တွင် (၁၅) ဦး၊ (၂၂) ရက်တွင် (၄၆) ဦး၊ (၂၃)ရက်တွင် (၄၅) ဦး၊ (၂၄) ရက်တွင် (၅၁) ဦးနှင့် (၂၅) ရက်တွင် (၇၁) ဦး စုစုပေါင်း (၂၉၇) ဦးအထိရှိလာပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ ကိုဗစ် (၁၉) ရောဂါကူးစက်ခံရသူ လူနာများထဲတွင် ပြည်တွင်းကူးစက်မှု အရေအတွက်မှာ ထက်ဝက်ကျော်ရှိပြီး ရာခိုင်နှုန်း ပြည်တွင်းကူးစက်မှုမှာ (၆၀) ရာခိုင်နှုန်းအထိရှိပြီး ပြည်ပကူးစက်ခံရမှုသည် (၄၀) ရာခိုင်နှုန်းဝန်းကျင်ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက သတိပေးထုတ်ပြန်ထားသည်။

ထို့အပြင် ယခုကဲ့သို့ ပြည်တွင်း၌ ကိုဗစ်ရောဂါကူးစက်မှု မြင့်တက်လာသည့်အပြင် အိန္ဒိယ ၊ ထိုင်း အပါအဝင် အိမ်နီးချင်းနိုင်ငံများ၌လည်း ကိုဗစ်(၁၉)မျိုး ဗီဇပြောင်း XBB .1.16 ပိုး ကူးစက်မှုများ မြင့်တက်‌ကာ သေဆုံးမှုများ ရှိနေသည့်အတွက် မြန်မာနိုင်ငံတွင်လည်း ကိုဗစ်(၁၉)မျိုး ဗီဇပြောင်း XBB .1.16 ပိုးကို ကြိုတင်ကာကွယ်ရန် လိုအပ်ကြောင်းလည်း ကျန်းမာရေးဝန်ကြီးဌာနက သတိပေးထုတ်ပြန်ထားသည်။

ယင်းကဲ့သို့ ကိုဗစ်ပိုးကူးစက်မှု ပြန်လည်မြင့်မားလာခြင်းကြောင့် နာတာရှည်ရောဂါအခံရှိသူများနှင့် သက်ကြီးရွယ်အိုများအနေဖြင့် ထပ်ဆောင်းကာကွယ်ဆေးများ ထိုးနှံပေးကြရန် ထပ်မံအသိပေးထားပြီး ကာကွယ်ရေးနည်းလမ်းများဖြစ်ကြသည့် တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေထိုင်ရန်၊ လူထူထပ်သောနေရာများ၊ အလုံပိတ်နေရာများသို့ သွားရောက်ရာတွင် ပါးစပ်နှင့်နှာခေါင်းစည်းကို မဖြစ်မနေတပ်ဆင် အသုံးပြုခြင်းတို့ကို ဂရုပြုလိုက်နာဆောင်ရွက်ကြရန်လည်း ကျန်မာရေးဝန်ကြီးဌာနက အသိပေးထားသည်။

ထို့အပြင် ကိုဗစ် – ၁၉ ရောဂါ သံသယလက္ခဏာများ တွေ့ရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနသို အမြန်ဆုံးသွားရောက်ဆက်သွယ်၍ လိုအပ်သည့် စစ်ဆေးကုသမှုကို ခံယူကြရန်နှင့် အခြားသူများကို ထပ်ဆင့်ကူးစက်မှုမရှိစေရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းမျဉ်းစည်းကမ်းများနှင့် အညီလိုက်နာ၍ မိမိနေအိမ်တွင် အသွားအလာကန့်သတ်၍ နေထိုင်ရန်လည်း အသိ ပေးထုတ်ပြန်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here