KG + 11 အတန်းများ၏ စာမေးပွဲ‌အောင်စရင်းများ ယနေ့ထွက် ၊ ဖြေဆိုသူကျောင်းသားများ ရာနှုန်းပြည့်နီးပါး အောင်မြင်ဟုဆို

0
364

၂၀၂၂ – ၂၀၂၃ ပညာနှစ်အတွက် အခြေခံပညာအတန်းများဖြစ်သည့် KG အတန်းမှ Grade – 11 အထိ အောင်စာရင်းများကို ယနေ့ ဧပြီလ (၂၇) ရက် နံနက်ပိုင်းတွင် ထုတ်ပြန် ကြေညာပေးခဲ့ပြီး စာမေးပွဲဖြေဆိုသူ ကျောင်းသား/ ကျောင်းသူများ၏ ရာနှုန်းပြည့်နီးပါး အောင်မြင်ကြောင်း ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနမှ သိရသည်။

“ စာမေးပွဲဖြေဆိုတဲ့ ကျောင်းသားတွေအားလုံး ရာနှုန်းပြည့် နီးပါးအောင်တယ်။ မဖြေတဲ့သူတွေကတော့မပါဘူးပေါ့။ ဥပမာ မြန်မာစာဖြေပြီး အင်္ဂလိပ်စာလာမဖြေတာတို့ ဘာသာစုံမဖြေတာတွေတော့ မပါဘူးပေါ့”ဟု ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ၂၀၂၂ – ၂၀၂၃ ခုနှစ် ပညာသင်နှစ်တွင် နိုင်ငံတဝန်းရှိ အခြေခံပညာ ကျောင်းသား / ကျောင်းသူ အများစု တက်ရောက်ပညာသင်ကြားခဲ့ပြီး အချို့မှာ နိုင်ငံရေးအပြောင်းအလဲများကြောင့် စာသင်ကြားမှုကို ရပ်နားထားမှုများလည်း ရှိခဲ့သည်။

လာမည့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ပညာရေးဝန်ကြီးဌာနအနေဖြင့် KG +12 အတန်း စနစ်သစ်ပညာရေးကို သင်ကြားသွားရန် စီစဉ်နေကြောင်း ပညာရေးဝန်ကြီးဌာနထံမှ သိရသည်။

လာမည့် ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရမည့်ကာလကို ပုံမှန်အားဖြင့် မေလ စတုတ္ထပတ်တွင် စတင်နိုင်ရန်သတ်မှတ်ထားကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here