ဆူဒန်တိုက်ပွဲအတွင်း အမေရိကန်နှစ်ဦးသေဆုံး

0
159

ခါတွမ်၊ဧပြီ ၂၆

ဧပြီ ၁၅ ရက်မှစတင်ဖြစ်ပွားခဲ့သော ဆူဒန်တိုက်ပွဲအတွင်း ယနေ့အချိန်အထိ အမေရိကန်နိုင်ငံသားနှစ်ဦးသေဆုံးပြီဖြစ်ကြောင်း အိမ်ဖြူတော်ကအတည်ပြုပြောကြားခဲ့သည်။ ထို့ကြောင့်နိုင်ငံတော် လုံခြုံရေးပြောရေးဆိုခွင့်ရှိသူ ဂျွန်ကာဘီက အမေရိကန်အစိုးရအနေဖြင့် ဆူဒန်နိုင်ငံတွင်း၌ပိတ်မိနေသူ အမေရိကန်နိုင်ငံသားများအား အမြန်ဆုံးကယ်တင်နိုင်ရန် ကြိုးပမ်းနေကြောင်းဆိုခဲ့သည်။

သို့သော်၎င်းအနေဖြင့် ယခုသေဆုံးသွားသည့်အမေရိကန်နိုင်ငံသားနှစ်ဦးသည် မည်သို့မည်ပုံသေဆုံးသွားသည်ကိုမူ အသေးစိတ်ထည့်သွင်းပြောကြားခြင်းမရှိခဲ့ပေ။တနင်္ဂနွေနေ့ကအထိ အိမ်ဖြူတော်ဘက်မှ သံရုံးဝန်ထမ်းများအား ရွှေ့ပြောင်းပေးခဲ့ပြီးဖြစ်သော်လည်း ပဋိပက္ခအတွင်းပိတ်မိနေသူ အမေရိကန် – ဆူဒန် နိုင်ငံသားပေါင်း ၁၆,၀၀၀ လောက်အထိကျန်နေသေးကြောင်းသိရသည်။

ယူကေအပါအဝင် အခြားနိုင်ငံများကလည်း ဆူဒန်တွင်း၌ပိတ်မိနေသူ ၎င်းတို့နိုင်ငံသားများအား ဘေးလွတ်ရာသို့ရွှေ့ပြောင်းနိုင်ရန်လေယာဉ်များစေလွှတ်ထားပြီးဖြစ်သည်။အမေရိကန်နိုင်ငံခြားရေးဝန်ကြီးအန်တိုနီဘလင်ကန်ကမူ ပိတ်မိနေသူများအနက် အမေရိကန်နိုင်ငံသား ဒါဇင်ကျော်လောက်ကသာ ဆူဒန်မှပြန်ရန်ဆန္ဒရှိပြီး ကျန်သူများကမပြန်ချင်ကြကြောင်းသိရသည်။

အစိုးရအနေဖြင့်လည်း တစ်ဦးတစ်ယောက်ချင်းစီအား လိုက်ဆက်သွယ်ကူညီမပေးနိုင်ဘဲ ၎င်းတို့ထံဆက်သွယ်အကူအညီတောင်းသူများကိုသာ စီစဉ်ပေးနေခြင်းဖြစ်ကြောင်းသိရသည်။ အင်္ဂါနေ့ကလည်း မက်ဆာချူးဆက် ပြည်နယ်မှဆရာမတစ်ဦးနှင့် ၎င်း၏ ၁၈ လအရွယ်ကလေးငယ်ကိုလည်း ဆူဒန်နိုင်ငံတွင်းကနေအောင်မြင်စွာကယ်တင်ပေးနိုင်ခဲ့ကြောင်းသိရသည်။

အမေရိကန်ဘက်မှ သံရုံးဝန်ထမ်းများနှင့်ဌာနဆိုင်ရာဝန်ထမ်းများအား တနင်္ဂနွေနေ့ကတည်းက ကယ်တင်နိုင်ခဲ့သော်လည်း ဆူဒန်နိုင်ငံတွင်း၌ အမေရိကန်နိုင်ငံသားသောင်းချီကျန်နေသေးသဖြင့် ၎င်းတို့အနေဖြင့်ပိုမိုကယ်တင်နိုင်ရေးလုပ်ဆောင်နေကြောင်းလည်းပြောကြားခဲ့သည်။

Source : Daily Mail


LEAVE A REPLY

Please enter your comment!
Please enter your name here