ရေတာရှည်မြို့နယ်တွင် စက္ကူဂျပ်ဖာများ တင်လာသည့်ကားပေါ်၌ ဆေးလိပ်မီးကြောင့် မီးလောင်မှုဖြစ်ပွားကာအမျိုးသမီးတစ်ဦးသေဆုံး

0
218

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်အတွင်းရှိ ရန်ကုန် – မန္တလေးလမ်းဟောင်းပေါ်တွင် ဧပြီ (၂၇) ရက်နံနက် (၇) နာရီခွဲက ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်နှင့် လူမှုကူညီရေးအသင်းများမှ သိရသည်။

ရန်ကုန် – မန္တလေးလမ်းဟောင်းအတိုင်း စက္ကူဂျပ်ဖာများတင်ဆောင်မောင်းနှင်လာသည့် Faw ကား သည် မိုင်တိုင်အမှတ် ၁၈၀/၃ အရောက်တွင် စက္ကူဂျပ်ဖာများပေါ်သို့ ဆေးလိပ်မီးကျကာ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ရေတာရှည်မြို့နယ်မီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းဝင်များထံမှ သိရသည်။

အဆိုပါ မီးလောင်ကျွမ်းမှုအား ရေတာရှည်မြို့နယ်မီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းဝင်များက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့သည့်အတွက် နံနက် (၈) နာရီတွင် မီးငြိမ်းသွားခဲ့ပြီး မီးလောင်ကျွမ်းမှုဖြစ်စဉ်အတွင်း ယာဉ်ပေါ်တွင် လိုက်ပါလာသည့် အမျိုးသမီး (၂) ဦးမှ တစ်ဦးမှာ ယာဉ်ပေါ်မှ ခုန်ချခဲ့သည့်အတွက် သေဆုံးသွားခဲ့ကြောင်း သိရသည်။

“ကားခေါင်းခန်းမှာ လိုက်လာတဲ့ လူကဆေးလိပ်သောက်ပြီး လွတ်ပစ်တဲ့ အချိန်အနောက်က စက္ကူဂျပ်ဖာတွေပေါ်ကျပြီး မီးလောင်တာပေါ့။ အဲဒီမှာ လမ်းကြုံလိုက်လာတဲ့ အမျိုးသမီး (၂) ယောက်ထဲက အသက်(၁၇)နှစ်အရွယ် (၁) ယောက်က ကြောက်ပြီးခုန်ချလိုက်တာမှာ သေဆုံးသွားပါတယ်”ဟု သွားရောက်ကူညီပေးခဲ့သည့် လူမှုကူညီရေးအသင်းဝင်တစ်ဦးက ပြောသည်။

အဆိုပါ ဖြစ်စဥ်မှ သေဆုံးသူအမျိုးသမီး၏ ရုပ်အလောင်းအား လူမှုကူညီရေးအသင်းကားဖြင့် ရေတာရှည်မြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here