လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးသွားသည့် 230 kV ဘဲလင်း – အုန်းတော ဓာတ်အားလိုင်း၏ တာဝါတိုင် (၃) တိုင်ပြုပြင်ပြီးစီး

0
189

မန္တလေးတိုင်း၊ တံတားဦးမြို့အနီးရှိ 230 kV ဘဲလင်း – အုန်းတော ဓာတ်အားလိုင်း၏ တာဝါတိုင် (၃) တိုင်သည် ဧပြီ ၂၀ ရက်ကဖြစ်ပွားခဲ့သည့် လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးသွားခဲ့ပြီး လက်ရှိတွင် ပြန်လည်ပြုပြင်ပြီးပြီဖြစ်ကြောင်း သိရသည်။

ရန်ကုန် – မန္တလေး အမြန်လမ်းမကြီး၏ မိုင်တိုင်အမှတ် ၃၅၂ အနီးရှိ 230 kV ဘဲလင်း – အုန်းတော ဓာတ်အားလိုင်း တာဝါတိုင်အမှတ် (၆၇) ၊ (၆၈) နှင့် (၆၉) တို့ ပြိုကျပျက်စီးခဲ့ခြင်းဖြစ်ပြီး တာဝါတိုင် (၂)တိုင်မှာ ထိပ်ပိုင်းကျိုးသွားပြီး တာဝါတိုင် (၁) တိုင်မှာ အောက်ခြေမှကျိုးသွားခဲ့ခြင်းဖြစ်ကြောင်း နစက၏ ထုတ်ပြန်ချက်များအရ သိရသည်။

ထိုသို့ ပြိုကျပျက်စီးသွားသဖြင့် မန္တလေးတိုင်းရှိ မြို့နယ်အချို့ စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်နှင့် ချင်းပြည်နယ်ရှိ ဂန့်ဂေါခရိုင်တို့တွင် လျှပ်စစ်ဓာတ်အားပြတ်တောက်မှုများဖြစ်ပေါ်ခဲ့သဖြင့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ဝန်ထမ်းများက ပြန်လည်ပြင်ဆင်မှုများ ပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်။

ယင်းကဲ့သို့ ပြန်လည် ပြင်ဆင်လျက်ရှိရာ ယနေ့ ဧပြီ (၂၇) ရက် မွန်းတည့် (၁၂) နာရီကျော်ခန့်၌ ပြိုကျပျက်စီးသွားသည့် တာဝါတိုင် (၃) တိုင်လုံးအား အလုံးစုံပြန်လည်ပြင် ဆင်ပြီးစီးသွားပြီဖြစ်၍ လျှပ်စစ်မီးပြန်လည်ပို့လွှတ်နိုင်တော့မည်ဖြစ်ကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here