ရှာ့မန် – ရန်ကုန် တိုက်ရိုက်လေကြောင်း ခရီးစဉ်များ ပြန်လည်ပြေးဆွဲ

0
213

Xiamen Airlines ၏ ရှာ့မန် – ရန်ကုန် တိုက်ရိုက်လေကြောင်းခရီးစဉ်များကို ဧပြီ (၂၆) ရက်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ပြန်လည်ပြေးဆွဲနေပြီဖြစ်ကြောင်း Yangon Aerodrome CompaLimited (YACL) မှ သိရသည်။

Xiamen Airlines သည် ရန်ကုန်မြို့ – ရှာ့မန်မြို့တိုက်ရိုက်ခရီးစဉ်များကို အပတ်စဉ် တနင်္လာ၊ ဗုဒ္ဓဟူးနှင့် သောကြာနေ့တိုင်း တစ်ပတ်လျှင် (၃) ကြိမ်တိုက်ရိုက် ပျံသန်းပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကိုဗစ်- ၁၉ ကပ်ရောဂါကြောင့် ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီတွင် ရန်ကုန်နှင့် ရှာ့မန့်အကြား တိုက်ရိုက်လေကြောင်းလိုင်း ပြေးဆွဲမှုကို ရပ်ဆိုင်းခဲ့ပြီး သုံးနှစ်ကျော်အကြာ ယခုလ (၂၆) ရက်တွင် ပြန်လည်ပြေးဆွဲခဲ့ခြင်း ဖြစ်သည် ။

ယခုခရီးစဉ်သည် နှစ်နိုင်ငံစီးပွားရေးလုပ်ငန်းများ ကူးလူးဆက်သွယ်ရန်နှင့် ခရီးသွားများ အပြန်အလှန်ကူးလူးသွားလာစေရန် ရည်ရွယ်ထားခြင်းဖြစ်ကြောင်းလည်းသိရသည်။

အဆိုပါ ရှာ့မန် – ရန်ကုန် တိုက်ရိုက်လေကြောင်း ခရီးစဉ် ပြန်လည်ပြေးဆွဲမှုအနေဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ရှာ့မန်မြို့မှ ခရီးသည် ၁၅၂ ဦးလိုက်ပါသည့် Xiamen Airlines ၏ လေယာဉ်အမှတ် – MF8669/70 သည် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဧပြီ (၂၆) ရက် ညနေ (၅) နာရီခွဲတွင် ဆိုက်ရောက်ခဲ့ရာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ဆိုက်ရောက်ခရီးသည်တို့အား အမှတ်တရ လက်ဆောင်များနှင့် Key Chain များပေးအပ်၍ ကြိုဆိုခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံသို့ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်အတွင်း ကမ္ဘာလှည့် ခရီးသွား ၂၃၃၄၈၇ ဦး ဝင်ရောက်ခဲ့ပြီး တရုတ်နိုင်ငံသားအများဆုံးဝင်ရောက်ခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here