မြဝတီမြို့ ဗိုလ်ချစ်သူလမ်းမှ ရေကန်တစ်ခုအတွင်း အမျိုးသမီးတစ်ဦး ရေနစ်သေဆုံး

0
290

ကရင်ပြည်နယ်၊ မြဝတီမြို့၊ အမှတ်(၆)ရပ်ကွက်ရှိ ရေကန်အတွင်း၌ ယနေ့ဧပြီ (၂၉)ရက် နံနက်ပိုင်းတွင် အမျိုးသမီးတစ်ဦး ရေနစ်သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နှင့်လူမှုကူညီရေးအသင်းများမှသိရသည်။

ယနေ့ နံနက် (၁၁) နာရီခန့်က မြဝတီမြို့၊ အမှတ် (၆) ရပ်ကွက်၊ ဗိုလ်ချစ်သူလမ်းရှိ ရေကန်အတွင်း၌ အမျိုးသမီးတစ်ဦး ရေနစ်ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်ပြီး အဆိုပါအမျိုးသမီးအား မြဝတီခရိုင် မီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းဝင်များက ပူးပေါင်းရှာဖွေခဲ့ကြခြင်း ဖြစ်သည်။

ယင်းသို့ ရှာဖွေခဲ့ရာ နေ့လယ် (၁၂) နာရီဝန်းကျင်တွင် ရေနစ်သူအမျိုးသမီး၏ ရုပ်အလောင်းအား ပြန်လည်တွေ့ရှိ ဆယ်ယူနိုင်ခဲ့ကြောင်း သိရသည်။

“ရှာဖွေချိန် တစ်နာရီလောက် တော့ကြာမယ်။ ရုပ်အလောင်းကို (၁၂) နာရီလောက်မှာ ရေအောက်ခြေကနေပြန်တွေ့ခဲ့ပါတယ်။ သက်လတ်ပိုင်း အရွယ်တစ်ယောက်ပါပဲ” ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးက ပြောသည်။

အဆိုပါ ရေနစ်သေဆုံးသူ အမျိုးသမီး၏ ရုပ်အလောင်းအား မြို့နယ်ကြက်ခြေနီအသင်းမှ မြဝတီခရိုင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here