အာဖရိက၌ ငတ်မွတ်ခေါင်းပါးမှုကြောင့်သေဆုံးနှုန်းတိုးမြင့်လာသဖြင့် ကုလသမဂ္ဂနှင့်အင်န်ဂျီအိုများသတိပေးထား

0
124

ပါရီ၊ဧပြီ ၂၈

ရာသီဥတုပြောင်းလဲလာမှုနှင့်ပဋိပက္ခများကြောင့် အာဖရိက၌ ငတ်မွတ်ခေါင်းပါးမှုဖြင့် သေဆုံးသူဦးရေမြင့်တက်လာနေကြောင်း ကုလသမဂ္ဂအရာရှိများနှင့်အင်န်ဂျီအိုအဖွဲ့အစည်းများက ပြောကြားခဲ့သည်။

အီသီယိုးပီးယား၊ကင်ညာနှင့်ဆိုမာလီယာတို့၌ ငတ်မွတ်ခေါင်းပါးမှုကြောင့် ၃၆ စက္ကန့်လျှင်တစ်ဦးနှုန်းဖြင့် သေဆုံးမှုများရှိနေကြောင်း ကုလသမဂ္ဂ၏ကလေးသူငယ်ဆိုင်ရာအဖွဲ့အစည်းတစ်ခုဖြစ်သည့် UNICEF နှင့် အင်န်ဂျီအို Care and Oxfam တို့က ပါရီတွင်ပြုလုပ်ခဲ့သည့် ပူးတွဲသတင်းစာရှင်းလင်းပွဲ၌ပြောကြားခဲ့သည်။

ဆဟဲဒေသရှိ လူပေါင်းသန်း ၂၀ နီးပါးသည် စားနပ်ရိက္ခာမဖူလုံမှုနှင့်နေထိုင်နေကြရကြောင်း ၎င်းတို့ကပြောကြားခဲ့သည်။ စစ်သွေးကြွများကြောင့် မတည်မငြိမ်ဖြစ်နေသည့် ဘာကီနာဖာဆိုတွင်လည်း ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလအတွင်း ကလေးငယ်များသေဆုံးမှုလည်း မြင့်တက်လာခဲ့ကြောင်းသိရသည်။ ပြင်းထန်သောအာဟာရချို့တဲ့မှုကြောင့် ကုသမှုခံယူနေရသည့် အရွယ်မရောက်သေးသူဦးရေလည်း ထက်ဝက်ခန့်မြင့်တက်လာကြောင်း UNICEF ကဆိုခဲ့သည်။

နိုင်ဂျာတွင်လည်း ထပ်ခါတလဲလဲမိုးခေါင်ရေရှားမှုများနှင့် ဆိုးရွားသောရေလွှမ်းမိုးမှုများ ထပ်တလဲလဲဖြစ်ပေါ်နေသောကြောင့် ကောက်ပဲသီးနှံများ ကို ရိတ်သိမ်းရန်ပိုမိုခက်ခဲလာကာ သီးနှံထုတ်လုပ်နိုင်မှုလည်း ၄၀ ရာခိုင်နှုန်းနီးပါးကျဆင်းသွားပြီး နိုင်ဂျာရှိ ကလေး ၄၃၀,၀၀၀ ခန့်သည် ပြင်းထန်သောအာဟာရချို့တဲ့မှုဒဏ်ကို ခံစားနေကြရကြောင်းပြောကြားခဲ့သည်။

၂၀၂၂ ခုနှစ်က အာဟာရချို့တဲ့သည့် ကိုယ်ဝန်ဆောင်မိခင်နှင့်နို့တိုက်မိခင်အရေအတွက်သည် ၆၄,၀၀၀ ရှိခဲ့ရာမှ ယခုနှစ်တွင် ၁၅၄,၀၀၀ သို့တိုးလာမည်ဖြစ်ကြောင်း ခန့်မှန်းထားကြသည်။

Source :AFP


LEAVE A REPLY

Please enter your comment!
Please enter your name here