ငွေလဲနှုန်းငြိမ်နေသော်လည်း နိုင်ငံခြားဖြစ်ဆေးဝါးများဈေးမြင့်တက်နေဆဲဖြစ်

0
125

နိုင်ငံခြားငွေလဲနှုန်း အတတ်အကျမရှိ ငြိမ်နေသော်လည်း နိုင်ငံခြားဖြစ်ဆေးဝါးများမှာ ဈေးမြင့်တက်နေဆဲဖြစ်ကြောင်း ဝယ်ယူသုံးစွဲသူများထံမှ သိရသည်။

နိုင်ငံခြားဖြစ်ဆေးဝါးများသည် ပြီးခဲ့သည့် ၂၀၂၂ခုနှစ် ဇူလိုင်လမှစတင်ပြီး ဈေးမြင့်တက်ခဲ့ရာမှ နောက်ပိုင်းတွင် ဈေးပြန်လည်ကျဆင်းခြင်းမရှိတော့ပဲ ယနေ့အချိန်အထိ အမြင့်ဈေးဖြင့်သာ ငြိမ်နေကြောင်း သိရသည်။

ယင်းအပြင် နိုင်ငံခြားဆေးဝါးများ ဈေးတက်နေပြီး ကုန်ပစ္စည်းအဝင် နည်းပါးမှုကြောင့် ဈေးကွက်အတွင်း ဆေးပစ္စည်းအချို့ ပြတ်လပ်နေမှုများရှိနေကြောင်း၊ ပြည်တွင်းရှိ ဆေးဝါးဈေးကွက်တွင် ၈၀ ရာခိုင်နှုန်းကျော်ကို ပြည်ပနိုင်ငံတွေမှတင်သွင်းနေရပြီး ကျန်ရှိသည့် ၂၀ ရာခိုင်နှုန်းမှာ ပြည်တွင်း၌ ထုတ်လုပ်နေခြင်းဖြစ်ကြောင်း သိရသည်။

“ ဆေးတွေက တောက်လျှောက်ကိုတက်နေတာ။ ကိုယ်တွေက ဆီးချိုရောဂါသမားဆိုတော့ ဆေးကိုမပြတ်ဝယ်ရတယ်။ ဈေးကတက်နေတော့ ဘယ်လိုမှအဆင်မပြေဘူး။ မဖြစ်မနေမို့လို့သာ ဝယ်နေရတာ။ အခုကိုဗစ်တွေလည်း ပြန်ဖြစ်နေတော့ ဆေးတွေထပ်ပြီးဈေးတက်မှာစိုးရိမ်နေရတယ်။ ဝယ်မရတော့မှာလည်း စိုးတယ်”ဟု ဆေးဝါးဝယ်ယူသူ တစ်ဦးကပြောသည်။

ပြည်ပမှ နိုင်ငံခြားဖြစ်ဆေးဝါးများ တင်သွင်းသည့်အခါ ကုန်သွယ်ရေးဦးစီးဌာနသို့ တိုက်ရိုက်လျှောက်ထားခွင့်ပြုထားသော်လည်း နိုင်ငံခြားဖြစ်ဆေးဝါးများသည် ဈေးနှုန်းကျဆင်းလာခြင်းမရှိပဲ ဆက်လက်မြင့်နေခြင်းဖြစ်ကြောင်းသိရသည်။

နိုင်ငံခြားဖြစ်ဆေးဝါးများကို တရုတ် ၊ အိန္ဒိယ ၊ ပါကစ္စတန် နှင့် ထိုင်းနိုင်ငံမှ အများဆုံးတင်သွင်းနေကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here