မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ၁၈ ဒသမ ၀၈ ရတီရှိ စိန်ပွင့်ကြီး ၂ ပွင့်အပါအဝင် သလင်း၊ရွှေ၊ငွေတို့ဖြင့် ဥဏ္ဏလုံမွေးရှင်တော်ဓာတ် စီသွင်းပူဇော်

0
302

နေပြည်တော်၊ဒက္ခိဏသီရိမြို့နယ်ရှိ မာရဝိဇယဗု ဒ္ဓဥယျာဉ်တော်အတွင်းတည်ထားလျက်ရှိသည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဥဏ္ဏလုံ မွေးရှင်တော်ဓာတ် စီသွင်းပူဇော်ခြင်း မင်္ဂလာအား မေ ၁ ရက်နံနက်ပိုင်းကကျင်းပခဲ့သည်။

မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ရေး ဩဝါဒါစရိယ ပျဉ်းမနားမြို့၊မင်္ဂလာဇေယျုံ ပါဠိတက္ကသိုလ်ကျောင်းတိုက် ပဓာနနာယက ဆရာတော်အမှူးပြုသည့် ဆရာတော်၊သံဃာတော်များကြွရောက်တော်မူခဲ့ကြပြီး နစက ဥက္ကဋ္ဌနှင့်ဇနီးတို့မှ ကြည်ညိုပူဇော်ခဲ့ကြသည်။

နစက ဥက္ကဋ္ဌနှင့်ဇနီးတို့မှ မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးအား ဥဏ္ဏလုံမွေးရှင်တော်အဖြစ် စီသွင်းပူဇော်မည့် စိန်ရတနာများကို ပါဠိဆရာတော်ကြီးထံဆက်ကပ်လှူဒါန်းကာ ပါဠိဆရာတော်ကြီးချီးမြှင့်မူသည့် ဥဏ္ဏလုံမွေးရှင်တော်ဆိုင်ရာ ဓမ္မကထာကိုနာယူခဲ့ကြသည်။

ထို့နောက် ပါဠိဆရာတော်ကြီးနှင့် နစက ဥက္ကဋ္ဌတို့မှ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဥဏ္ဏလုံမွေးရှင်တော်နေရာ၌ ၃ ကီလိုဂရမ်ရှိ သန့်စင်သည့်သလင်းကျောက်ကြီး ၁ ပွင့်၊စိန်ပွင့်ကြီး ၂ ပွင့်နှင့်စိန်ပွင့်ငယ် ၄၄ ပွင့်တို့အား ဥဏ္ဏလုံမွေးရှင်တော်ဓာတ် စီသွင်းပူဇော်ကာ ဥဏ္ဏလုံမွေးရှင်တော်အား အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းပူဇော်ခဲ့ကြသည်။

မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးတွင် စီသွင်းပူဇော်သည့် ဥဏ္ဏလုံမွေးရှင်တော်မြတ်တွင် ၁၈ ဒသ မ ၀၈ ရတီရှိ စိန်ပွင့်ကြီး ၂ ပွင့်၊ ၄ ဒသမ ၃၄ ရတီရှိ စိန်ပွင့်အသေး ၄၄ ပွင့်၊သလင်းကျောက် ၅၃ ပွင့်၊ ရွှေ(၁၂ ပဲအရည်) ၃ ကျပ်သား၊ ၁ ပဲ ၄ ရွေးငွေ ၄၂၇ ကျပ်သား ၈ ပဲရှိကြောင်း သိရသည်။

သဗ္ဗေညု ဘုရားရှင်တို့၏ လက္ခဏာတော်ကြီး ၃၂ ပါးတွင်ပါဝင်သည့် ဥဏ္ဏလုံမွေးရှင်တော်သည် မြတ်စွာဘုရားရှင်၏ မျက်ခုံးတော်နှစ်သွယ်အလယ်ဗဟိုတည့်တည့်တွင်ရှိပြီး ဆွဲ၍ဆန့်လိုက်ပါကသုံးပေခန့်ရှည်လျားပြီး လွှတ်လိုက်လျှင် လက်ယာရစ်ခွေ၍ စိန်ရောင်ငွေရောင်အသွင် ဖြူစင်ဝင်းပသည့် မွေးရှင်တော်ဓာတ်ဖြစ်သည်။ပါရမီတော်ဖြည့်ကျင့်ခဲ့သည့် လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်းကာလပတ်လုံး ပါရမီတော်များဖြည့်ကျင့်တော်မူစဉ် မုသာဝါဒသိက္ခာပုဒ်ကို လုံခြုံစွာစောင့်ထိန်းပြီး သစ္စာတရား၌တည်ခဲ့သော ကုသိုလ်တော်အစွမ်းကြောင့် ရရှိတော်မူခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here