မြဝတီ – ကော့ကရိတ်သွား အာရှလမ်းမကြီးပေါ်တွင် ခရီးသည်တင် (Express) ကားနှင့် ပြောင်းဆံတင်တွဲကားတိုက် (၁) ဦးသေဆုံး

0
223

ကရင်ပြည်နယ်၊ မြဝတီ – ကော့ကရိတ်သွား အာရှလမ်းမကြီး၊ ကွမ်းခြံကုန်းကွေ့တွင် မေ (၁) ရက်ညနေ (၄) နာရီခွဲကျော်ခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း အလင်းသစ်လူမှုကူညီရေးအသင်းမှ သိရသည်။

အာရှလမ်းမကြီးအတိုင်း မောင်းနှင်လာကြသည့် “သစ်ဆန်း”အဝေးပြေးခရီးသည်တင်(Express) ကားနှင့်ပြောင်းဆံများတင်လာသည့် (၂၂) ဘီးတွဲကားတို့သည် ကွမ်းခြံကုန်းအကွေ့တွင် တိုက်မိခဲ့ပြီးနောက် ပြောင်းတင်တွဲကားမှာ တိမ်းမှောက်သွားခဲ့ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဥ်ကြောင့် “သစ်ဆန်း”အဝေးပြေး ခရီးသည်တင်(Express)ယာဉ်၏ ယာဥ်နောက်လိုက်ဖြစ်သူမှာ ထိခိုက်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။

“မိုးရွာပြီးစအချိန် လမ်းချောနေတာရယ်၊ အကွေ့ဖြစ်နေတာရယ်ကြောင့် အရှိန်မထိန်းနိုင်ဘဲ တိုက်မိတဲ့ အနေအထားပါ။ တွဲကားမှောက်သွားတယ်။ Express ကားကခေါင်းပိုင်း အတော်ပျက်စီးသွားပါတယ်”ဟု လူမှုကူညီရေးအသင်း ဝင်တစ်ဦးကပြောသည်။

အဆိုပါ ယာဉ်တိုက်မှုဖြစ်စဉ်ကြောင့် သေဆုံးသွားသည့် ယာဉ်နောက်လိုက်၏ ရုပ်အလောင်းအား မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(MR)မှ မြဝတီခရိုင် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here