လာမည့်အပတ်၌ တာလီဘန်ကိုယ်စားလှယ်အား ပါကစ္စတန်နှင့်တရုတ်ဝန်ကြီးများဖြင့်တွေ့ခွင့်ပြုမည်ဟုကုလဆို

0
174

ကုလသမဂ္ဂ၊မေ ၂

တာလီဘန်အစိုးရ၏နိုင်ငံခြားရေးဝန်ကြီး အမီရာခန်းမာတာကီအား လာမည့်အပတ်တွင် ပါကစ္စတန်နှင့်တရုတ်နိုင်ငံခြားရေး၀န်ကြီးများနှင့်တွေ့ဆုံရန် အာဖဂန်မှပါကစ္စတန်သို့ သွားရောက်ခွင့်ပြုရန် ကုလသမဂ္ဂလုံခြုံရေးကောင်စီကော်မတီက မေ ၁ ရက်တွင်သဘောတူညီခဲ့ကြောင်းသိရသည်။

မာတာကီသည် လုံခြုံရေးကောင်စီ၏ပိတ်ဆို့မှုများကြောင့် ခရီးသွားလာခွင့်ရုပ်သိမ်းခံရခြင်း၊ပိုင်ဆိုင်မှုများပိတ်သိမ်းခြင်းနှင့်လက်နက်ပိတ်သိမ်းမှုများကို အချိန်အတော်ကြာခံထားရသူဖြစ်သည်။

ကုလလုံခြုံရေးကောင်စီ(တာလီဘန်ဒဏ်ခတ်အရေးယူရေးကော်မတီ)ထံပါကစ္စတန်က ပေးပို့သည့်စာအရ မေ ၆ ရက်မှ ၉ ရက်အတွင်း တာလီဘန်နိုင်ငံခြားရေးဝန်ကြီးအား ပါကစ္စတန်နှင့်တရုတ်ဝန်ကြီးများနှင့်တွေ့ဆုံရန် ခရီးသွားခွင့်ပြုစေလိုကြောင်းပါရှိသည်။

တွေ့ဆုံမှု၌ မည်သည့်အကြောင်းဆွေးနွေးမည်ကိုမဖော်ပြထားဘဲ မစ္စတာမာတာကီ၏ခရီးစားရိတ်များကို ပါကစ္စတန်က အကုန်အကျခံမည်ဟုဖော်ပြထားသည်။

BRI ၏တစ်စိတ်တစ်ပိုင်းဖြစ်သော ဒေါ်လာဘီလျံပေါင်းများစွာတန်သည့် တရုတ် – ပါကစ္စတန်စီးပွားရေးလမ်းကြောင်း(CPEC)အမည်ရှိ အခြေခံအဆောက်အဦ စီမံကိန်းသို့ တာလီဘန်ဦးဆောင်သည့် အာဖဂန်ကိုလက်ခံမည်ဖြစ်ကြောင်း တရုတ်နှင့်ပါကစ္စတန်တာဝန်ရှိသူများက ယခင်ကပြောကြားခဲ့ဖူးသည်။

အာဖဂန်နစ္စတန်သည် တောင်ဘက်နှင့်ဗဟိုအာရှကြားတွင် အဓိကပထဝီဝင်ကုန်သွယ်မှုနှင့် ကူးသန်းသွားလာရေးလမ်းကြောင်းတစ်ခုအဖြစ်တည်ရှိပြီး မတူး‌ဖော်ရသေးသော တွင်းထွက်သယံဇာတ ဒေါ်လာဘီလျံပေါင်းများစွာလည်းရှိသည့်နိုင်ငံဖြစ်သည်။

လုံခြုံရေးကောင်စီကော်မတီသည် ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့်တည်ငြိမ်ရေးများအား အရေးတကြီး ဆွေးနွေးရန် အိမ်နီးချင်းနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးပြုလုပ်ခဲ့သည့် ဥဇဘက်ကစ္စတန်သို့ ပြီးခဲ့သည့်လကလည်း မာတာကီအားသွားရောက်ခွင့်ပြုခဲ့သည်။

Source : Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here