ပီအက်စ်ဂျီ အသင်းသည် မက်ဆီနှင့် စာချုပ်သက်တမ်း ထပ်တိုးမည်မဟုတ်ဟု လစ်ကီဆို

0
151

ပါရီ စန့် ယာမန် (ခေါ်) ပီအက်စ်ဂျီသည် လီယိုနယ် မက်ဆီနှင့် စာချုပ်သက်တမ်းကို ထပ်တိုးသွားမည် မဟုတ်ကြောင်း ပြင်သစ် အားကစား နေ့စဉ်သတင်းစာ လစ်ကီ က မေလ ၂ ရက် အင်္ဂါနေ့တွင် ဖော်ပြခဲ့သည်။

အဆိုပါသတင်းမှာ ပီအက်စ်ဂျီသည် တနင်္ဂနွေနေ့တွင် လောရီရန် အသင်းကို အိမ်ကွင်း၌ ရှုံးနိမ့်ခဲ့သော်လည်း မက်ဆီသည် အသင်းနှင့် လေ့ကျင့်ရမည့်အစား ဆော်ဒီ အာရေးဗျသို့ ခွင့်ပြုချက်မရှိဘဲ သွားရောက်ခဲ့ပြီးနောက် ထွက်ပေါ်လာခြင်းဖြစ်သည်။

ပီအက်စ်ဂျီသည် မက်ဆီအား ၂၀၂၁ ခုနှစ်တွင် ၂ နှစ်ကြာ စာချုပ်ဖြင့် ခေါ်ယူခဲ့သည်။ သို့ရာတွင် ထိုစာချုပ်၌ အသင်းသာ အလိုရှိပါက သုံးနှစ်အထိ ဆော့ကစားပေးရမည်ဟူသော သဘောတူညီချက်ပါရှိသည်။ သို့သော် ကလပ်အသင်း တာဝန်ရှိသူများက သက်တမ်း ထပ်မတိုးရန် ဆုံးဖြတ်ခဲ့ကြောင်း သတင်းတွင် ဖော်ပြထားသည်။

ထို့ပြင် အသင်းနှင့် လေ့ကျင့်ရန် ပျက်ကွက်ခဲ့သည့် မက်ဆီအား နှစ်ပတ်ကြာ လစာမပေးဘဲ ဆိုင်းငံ့လိုက်ကြောင်း သိရသည်။ ထိုကြောင့် ဇွန်လ ၃ ရက်၌ စာချုပ်သက်တမ်းကုန်ဆုံးမည့် မက်ဆီသည် ပီအက်စ်ဂျီ၌ သက်တမ်းမကုန်မီ ၃ ပွဲသာ ဆော့ကစားရတော့မည် ဖြစ်သည်။

လက်ရှိတွင် စာချုပ်သက်တမ်းကုန်ဆုံးတော့မည့် မက်ဆီအား အသင်းဟောင်း ဘာစီလိုနာအပြင် အမေရိကန်ကလပ် အင်တာမိုင်ယာမီနှင့် ဆော်ဒီကလပ် အယ်လ် ဟီလာတို့ကပါ ခေါ်ယူသွားရန် စိတ်ဝင်စားနေကြောင်း သိရသည်။

Source: စထရိတ်တိုင်းမ်စ်


LEAVE A REPLY

Please enter your comment!
Please enter your name here