ဂျပန်နိုင်ငံမှ မြန်မာလုပ်သား (၇၀၀) ကျော် ထပ်မံခေါ်ယူ

0
183

ဂျပန်နိုင်ငံရှိ ကုမ္ပဏီများ၌ အလုပ်လုပ်ကိုင်ရန် မြန်မာလုပ်သား (၇၅၃) ဦးကို ထပ်မံခေါ်ယူသွားမည်ဖြစ်ကြောင်း ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံး၊ တိုကျိုမြို့က အသိပေးထုတ်ပြန်ထားသည်။

လက်ရှိတွင် ၂၀၂၃ ခုနှစ်၊ ဧပြီလ (၁၉) ရက်မှ ဧပြီလ (၂၈) ရက်အတွင်း စိစစ်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ပေးပို့ပြန်ကြားခဲ့သည့် အလုပ်ကမ်းလှမ်းစာ (၂၃၄) ခုနှင့် ပတ်သက်ပြီး အချက်အလက်များကိုလည်း မြန်မာသံရုံးက ထုတ်ပြန်ထားသည်။

ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးအနေဖြင့် မြန်မာနိုင်ငံ အစိုးရ၊ အလုပ်သမား ဝန်ကြီးဌာနမှ နိုင်ငံခြားရေးဝန်ကြီးဌာနမှတဆင့် ပေးပို့လာသည့် အလုပ်ကမ်းလှမ်းစာ ( Demand Letter ) များကို အချိန်နှင့် တစ်ပြေးညီ စိစစ်ဆောင်ရွက်လျက်ရှိကြောင်းလည်း သိရသည်။

ဂျပန်နိုင်ငံရှိ အလုပ်သမား ကြီးကြပ်ရေးကုမ္ပဏီနှင့် အလုပ်ခေါ်ယူသည့် စက်ရုံ၊ ကုမ္ပဏီများသည် ဂျပန်နိုင်ငံ၌ တရားဝင်တည်ထောင်ထားခြင်း ရှိ၊ မရှိနှင့် စာရွက်စာတမ်းအထောက်အထားများအား စိစစ်၍ တွေ့ရှိချက်များ၊ သဘောထားမှတ်ချက်များကို နိုင်ငံခြားရေးဝန်ကြီးဌာနမှတဆင့် အလုပ်သမားဝန်ကြီးဌာနသို့ ပြန်လည်ပေးပို့ခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးက ပေးပို့လာသည့် အလုပ်ကမ်းလှမ်းစာ (၂၃၄) စောင်အတွက် မြန်မာနိုင်ငံရှိ ပြည်ပအလုပ်အကိုင်ရှာဖွေရေး တရားဝင်လိုင်စင်ရ ကုမ္ပဏီများက မြန်မာအလုပ်သမားများအား စေလွှတ်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here