ဥပ္ပါတသန္တိစေတီ၏(၁၅)ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ပွဲကျင်းပ

0
180

နေပြည်တော်၊ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး ပရဝုဏ်တော်မြောက်ဘက်ရှိ မဟာဗောဓိညောင်ပင်တော်များအား နစက ဥက္ကဋ္ဌနှင့်ဇနီးတို့မှ မေ ၃ ရက်(ကဆုန်လပြည့် ဗုဒ္ဓနေ့)ညနေပိုင်းက ညောင်ရေသွန်းလောင်းပူဇော်ခဲ့ကြသည်။

ကဆုန်လပြည့်နေ့၏ ထူးခြားချက်မှာ ဂေါတမမြတ်စွာဘုရားနှင့်သဗ္ဗညုမြတ်စွာဘုရားရှင်တို့၏ ဖွားမြင်တော်မူသည့်နေ့၊ဘုရားဖြစ်တော်မူသည့်နေ့၊ပရိနိဗ္ဗာန်ပြုသည့်နေ့များမှာလည်း ကဆုန်လပြည့်နေ့ဖြစ်၍ ကဆုန်လပြည့်နေ့အား “ဗုဒ္ဓနေ့”အဖြစ် သတ်မှတ်ထားခြင်းဖြစ်သည်။

ယခုနှစ် ဥပ္ပါတသန္တိစေတီတွင်မဟာဗောဓိညောင်ပင်တော်များအား ညောင်ရေသွန်းလောင်းပူဇော်ခြင်းမှာ (၁၅) ကြိမ်မြောက်အဖြစ်ကျင်းပခြင်းဖြစ်သည်။

နစက ဥက္ကဋ္ဌနှင့်ဇနီး၊တာဝန်ရှိသူများနှင့်တက်ရောက်လာကြသူများက သတ်မှတ်နေရာများအလိုက် မဟာဗောဓိညောင်ပင်တော်များအား ညောင်ရေသွန်းလောင်းပူဇော်ခဲ့ကြပြီးနောက် အမွှေးနံ့သာရည်များပက်ဖျန်းကာ မဟာဗောဓိညောင်ပင်တော်များအား လက်ယာရစ်လှည့် လည်ပူဇော်ခဲ့ကြသည်။

ထို့ပြင် ဇေယျာသီရိမြို့နယ်၊လောကချမ်းသာဆုတောင်းပြည့်အသင်းဘုရားကြီးရှိ မဟာဗောဓိညောင်ပင်များကိုလည်း နစက ဥက္ကဋ္ဌ နှင့်ဇနီး၊တာဝန်ရှိသူများ၊ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ)မှအရာရှိကြီးများ၊အရာရှိ၊အရာခံ၊အကြပ်စစ်သည်မိသားစုများက ညောင်ရေသွန်းလောင်းပူဇော်ခဲ့ကြသည်။

ကဆုန်လပြည့်နေ့သည် ဒီပင်္ကရာမြတ်စွာဘုရားမှ ဂေါတမဘုရားအလောင်းတော် သုမေဓာရှင်ရသေ့အား “ဘဒ္ဒကမ္ဘာတွင် ဘုရားအဖြစ်ကိုရလိမ့်မည်” ဟု ဗျာဒိတ်တော်စကား မိန့်ကြားတော်မူသည့်နေ့၊ဘုရားအလောင်းတော်သိဒ္ဓတ္ထမင်းသား ဖွားမြင်သည့်နေ့၊သဗ္ဗညုဘုရားရှင်အဖြစ်သို့ ရောက်တော်မူသည့်နေ့၊ပရိနိဗ္ဗာန်စံတော်မူသည့်နေ့များဖြစ်၍ “ဗျာဒိတ် ဖွားမြင် ဗောဓိပင် စံဝင်နိဗ္ဗာန်နန်း”ဟု မှတ်တမ်းပြုကာ ကဆုန်လပြည့်ဗုဒ္ဓနေ့ဟူ ဗုဒ္ဓ ဘာသာဝင်များက အထွဋ်အမြတ်ထား၍ ကျင်းပပူဇော်လေ့ရှိခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here