မာရဝိဇယဗုဒ္ဓဥယျာဉ်တော်အတွင်းရှိ မုစလိန္ဒနဂါးရုံဘုရားကျောင်းဆောင်တော်သို့ ဗုဒ္ဓရုပ်ပွားတော်ပင့်ဆောင်ပူဇော်ပြီး မဟာဗောဓိပင်တော်စိုက်ပျိုး

0
636

နေပြည်တော်၊ဒက္ခိဏသီရိမြို့နယ်ရှိ မာရဝိဇယဗု ဒ္ဓဥယျာဉ်တော်အတွင်းရှိ မုစလိန္ဒနဂါးရုံဘုရားကျောင်းဆောင်တော်သို့ ဗုဒ္ဓရုပ်ပွားတော်ပင့်ဆောင်ပူဇော်ခြင်းနှင့်မဟာဗောဓိပင်တော်စိုက်ပျိုးခြင်းတို့အား မေ ၃ ရက်(ကဆုန်လပြည့်ဗုဒ္ဓနေ့)နံနက်ပိုင်းက ကျင်းပခဲ့သည်။

နစက ဥက္ကဋ္ဌမှ ဗုဒ္ဓရုပ်ပွားတော်မြတ်အား မုစလိန္ဒနဂါးရုံဘုရားကျောင်းဆောင်သို့ မင်္ဂလာစက်ခလုတ်နှိပ်၍ပင့်ဆောင်ကာ မုစလိန္ဒဗုဒ္ဓရုပ်ပွားတော်မြတ်အား ပရိတ်နံ့သာရည်များဖြင့် ပက်ဖျန်းပူဇော်ခဲ့ပြီး ကန်တော်အတွင်းရှိ ငါးများကိုအစာများကျွေး၍ အာဟာရဒါနပြုခဲ့သည်။

နစက ဥက္ကဋ္ဌသည် မာရဝိဇယဗုဒ္ဓဥယျာဉ်တော်အတွင်း မဟာဗောဓိပင်တော်စိုက်ပျိုးမည့်နေရာတွင် ကျောက်မျက်ရတနာများကိုထည့် သွင်းပူဇော်ကာ မဟာဗောဓိပင်တော်အားစိုက်ပျိုးခဲ့သည်။

ထို့အပြင် နစက ဥက္ကဋ္ဌနှင့်ဇနီးတို့သည် ကဆုန်လပြည့်ဗုဒ္ဓနေ့ အထိမ်းအမှတ်ကုသိုလ်တော်အဖြစ် နေပြည်တော် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး ပရဝုဏ်တော်အတွင်းရှိ သာသနာ့မဟာဗိမာန်တော်ကြီး၌ ဆရာတော်ကြီးများအားနေ့ဆွမ်းဆက်ကပ်၍ လှူဖွယ်ဝတ္ထူပစ္စည်းများအား ဆက်ကပ်လှူဒါန်းခဲ့သည်။

ယင်း အခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာ ယကအဖွဲ့အကျိုးတော်ဆောင် သန်လျင်မြို့၊မင်းကျောင်း ပထမပြန်စာသင်တိုက် ပဓာနနာယကဆရာတော် အဂ္ဂမဟာ ပဏ္ဍိတ အဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဓဇ ဒေါက်တာ ဘဒ္ဒန္တ စန္ဒိမာ ဘိဝံသ၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဒု-ဥက္ကဋ္ဌ မြင်းခြံမြို့၊ကိုးဆောင်တိုက်၊သီရိမာလာကျောင်း ကိုးဆောင်ကျောင်းတိုက် ပဓာနနာယကဆရာတော် အဂ္ဂမဟာ ပဏ္ဍိတ ဘဒ္ဒန္တဇောတိပါလ၊နိုင်ငံတော်ဩဝါဒါ စရိယ သောဠသမ ရွှေကျင်သာသနာပိုင် ဆရာတော်၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိ အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဒေါက်တာ ဘဒ္ဒန္တ ဉာဏိဿရ တို့ အမှူးပြုသည့် ဆရာတော်၊သံဃာတော်များကြွရောက်ခဲ့ကြသည်။

နစက ဥက္ကဋ္ဌမှ သာသနာ့မဟာဗိမာန်တော်ကြီးအတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်အား မြသပိတ်ဆွမ်းတော်၊သစ်သီး၊ပန်းမန်၊သောက်တော်ရေချမ်းနှင့် ဆီမီးတို့ ကပ်လှူပူဇော်ပြီးနောက် ငါးပါးသီလခံယူဆောက်တည်ပြီး သံဃာတော်အရှင်သူမြတ်များက မေတ္တသုတ်ပရိတ်တရာတော်များရွတ်ပွားသရဇ္ဈာယ်တော်မူခဲ့ကြသည်။ဆရာတော်ကြီးများထံ လှူဖွယ် ဝတ္ထုပစ္စည်းများဆက်ကပ်လှူဒါန်းပြီးနောက် အနုမောဒနာတရားနာယူ၍ ကုသိုလ်အဖို့အစုတို့ကို အမျှပေးဝေခဲ့ကြသည်။

ထို့နောက် နစက ဥက္ကဋ္ဌနှင့်ဇနီးတို့မှ ကြွရောက်တော်မူလာကြသည့် ဆရာတော်၊သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here