စင်္ကာပူသမ္မတဟာလီမာ ချားလ်စ်ဘုရင် နန်းတက်ပွဲသို့တက်ရောက်မည်

0
172

စင်္ကာပူ၊မေ ၃

စင်္ကာပူသမ္မတဟာလီမာယာကော့ဘ်သည် လန်ဒန်ရှိချားလ်စ်ဘုရင်၏ နန်းတက်ပွဲအခမ်းအနားသို့ တက်ရောက်မည်ဖြစ်ကြောင်းသိရသည်။၎င်းသည် မေလ ၄ ရက်မှ ၇ ရက်နေ့အထိ ယူကေအစိုးရ၏ ဖိတ်ကြားချက်အရ လန်ဒန်သို့သွားမည်ဖြစ်ကြောင်း စင်္ကာပူနိုင်ငံခြားရေးဝန်ကြီးဌာနကပြောကြားခဲ့သည်။

အဆိုပါနန်းတက်ပွဲအခမ်းအနားသို့ နိုင်ငံတော်အကြီးအကဲများ၊ နိုင်ငံခြားရေးဝန်ကြီးများ၊ တော်ဝင်ပုဂ္ဂိုလ်များနှင့်ဘာသာရေးကိုယ်စားလှယ်များအပါအဝင် လူပေါင်း ၂,၂၀၀ ကျော်တက်ရောက်မည်ဟု မျှော်လင့်ထားကြောင်းသိရသည်။

ဖိလစ်ပိုင်သမ္မဖာဒီနန်မားကို့စ်ဂျူနီယာ ၊ပြင်သစ်သမ္မတအီမန်နူရယ်မက်ခရွန်နှင့် ဩစတြေးလျဝန်ကြီးချုပ် အန်တိုနီအယ်လ်ဘနီးဇ်တို့လည်း တက်ရောက်မည်ဖြစ်ကြောင်းသိရသည်။ဂျပန်အိမ်ရှေ့မင်းသား ဖူမီဟီတိုနှင့် အိမ်ရှေ့မင်းသမီး ခိကိုတို့သည်လည်း အဆိုပါနန်းတက်ပွဲအတွက် ဗြိတိန်သို့ ပထမဆုံး တရားဝင်လာရောက်လည်ပတ်မည်ဖြစ်ကြောင်းသိရသည်။

မစ္စဟာလီမာသည် လန်ဒန်၌ရှိနေစဉ်အတွင်း ဗီယက်နမ်သမ္မတနှင့်ဖီဂျီနိုင်ငံသမ္မတတို့နှင့်လည်း သီးသန့်တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်း အမ်အက်ဖ်အေကပြောကြားခဲ့သည်။မစ္စဟာလီမာနှင့်အတူ ၎င်း၏ခင်ပွန်းနှင့်သမ္မတရုံးမှအခြားဝန်ကြီးများလည်းပါဝင်မည်ဖြစ်ကြောင်း အမ်အက်ဖ်အေကထပ်မံပြောကြားခဲ့သည်။

Source : CNA


LEAVE A REPLY

Please enter your comment!
Please enter your name here