ချားလ်စ်ဘုရင် နန်းတက်ပွဲ၌ ဘုရင်စနစ် ဆန့်ကျင်သူများကို ရဲတပ်ဖွဲ့က ငြိမ်းချမ်းစွာ ဆန္ဒပြခွင့်ပြုမည်

0
174

ဗြိတိန်ရဲတပ်ဖွဲ့သည် ချားလ်စ်ဘုရင်၏ နန်းတက်ပွဲ ကျင်းပစဉ်အတွင်း ဘုရင်စနစ်ကို ဆန့်ကျင်သော လက်ကိုင်ပိုစတာများဖြင့် ငြိမ်းချမ်းစွာ ဆန္ဒပြမည့်သူများကို ဝင်ရောက် တားဆီးမှုများ ပြုလုပ်မည်မဟုတ်ကြောင်း စကော့တလန်ယာဒ် ရဲဌာနချုပ်မှ အကြီးတန်းအရာရှိတစ်ဦးက ပြောကြားခဲ့သည်။

ထို့ကြောင့် သမ္မတစနစ် လိုလားသူများသည် နန်းတက်ပွဲအတွက် ချားလ်စ်ဘုရင် စီးတန်းလှည့်လည်မည့် လမ်းကြောင်းတစ်လျှောက်တွင် ဘုရင်စနစ်ကို ရှုတ်ချသည့် ပိုစတာများ ကိုင်ဆောင်၍ ဆန္ဒထုတ်ဖော်ခွင့်ရရှိမည် ဖြစ်သည်။

စကော့တလန်ယာဒ် ရဲဌာချုပ်မှ ဒုတိယ လက်ထောက် ရဲမင်းကြီး အိတ် အာဒဲလ်လခန် က ရဲတပ်ဖွဲ့သည် နန်းတက်ပွဲအား ဖျက်လိုဖျက်စီးလုပ်ရန် ကြိုးပမ်းသည့် လူမှန်သမျှကို အင်အားသုံး၍ ပြင်းပြင်းထန်ထန် ဖြိုခွင်းသွားမည်ဖြစ်သော်လည်း ဆန္ဒပြသူများကိုမူ သူတို့၏ လုပ်ရပ်များသာ ဥပဒေနှင့်အညီ ဖြစ်နေပါက တားဆီးဖယ်ရှားသွားမည် မဟုတ်ဟု ပြောလာခဲ့သည်။

နန်းတက်ပွဲ လှည့်လည်ကျင်းပစဉ်အတွင်း ကာကွယ်စောင့်ကြပ်ရန်အတွက် ရဲတပ်ဖွဲ့ဝင် ၃ သောင်းနီးပါး ခေါ်ယူထားပြီဟုလည်း သိရှိရသည်။

ဘီဘီစီ၊ အိုင်တီအင်န်နှင့် စကိုင်းနူးစ် စသော ရုပ်သံချန်နယ်များသည်လည်း နန်းတက်ပွဲနှင့် ပတ်သက်သော သတင်းများ၌ ဘုရင်စနစ်ကို ဆန့်ကျင်သူများ၏ ရှုထောင့်အမြင်များကို တင်ဆင်ပြသပေးသွားမည်ဟု ပြောထားသည်။ နန်းတော်ပွဲကိုမူ မေလ ၆ ရက်တွင် ကျင်းပသွားမည်ဖြစ်သည်။

Source: Telegraph


LEAVE A REPLY

Please enter your comment!
Please enter your name here