ရက်ပိုင်းအတွင်း ဖြစ်ပေါ်လာနိုင်သည့် ဆိုင်ကလုန်းမုန်တိုင်းကို ကြိုတင်သတိပြုနေထိုင်ကြရန် မိုး/ဇလ သတိပေးထား

0
619

ဘင်္ဂလား ပင်လယ်အော်တွင် လာမည့် ရက်ပိုင်းအတွင်း ဆိုင်ကလုန်းမုန်တိုင်း ဖြစ်ပေါ်နိုင်သည့်အတွက် ပြည်သူ‌များအနေဖြင့် ကြိုတင်သတိပြုနေထိုင်ကြရန် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက အသိပေး ထုတ်ပြန်ထားသည်။

မေ (၅) ရက် မြန်မာစံတော်ချိန် နေ့လယ် (၁) နာရီခွဲအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်းတစ်ခု မေ (၇) ရက်တွင် ဖြစ်ပေါ်လာနိုင်ပြီး အဆိုပါ လေဖိအားနည်းရပ် ဝန်းသည် ပိုမိုအားကောင်းလာနိုင်ကာ မေ (၈) ရက်တွင် မုန်တိုင်းငယ်အဖြစ် ရောက်ရှိနိုင်ကြောင်း သိရသည်။

အဆိုပါ မုန်တိုင်းငယ်သည် မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနေပြီး ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်း၌ မေ (၁၀) ရက်တွင် ဆိုင်ကလုန်း မုန်တိုင်းအဖြစ် အားကောင်းလာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒက ခန့်မှန်းထားသည်။

အဆိုပါ ဆိုင်ကလုန်းမုန်တိုင်းကြောင့် မြစ်ဝကျွန်းပေါ်ဒေသနှင့် ရခိုင်ကမ်းရိုးတန်းအနီးသို့ ရောက်ရှိနိုင်သည့်အတွက် မေ (၉) ရက်မှ (၁၃) ရက်အထိ မြစ်ဝကျွန်းပေါ်နှင့် ရခို င်ကမ်းရိုးတန်းတစ်လျှောက် ရံဖန်ရံခါ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးနိုင်ကြောင်း သိရသည်။

မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေကို တစ်နာရီကို မိုင် ၅၀ မှ မိုင် ၆၀ အထိ တိုက်ခတ်နိုင်ပြီး ဖြစ်ပေါ်လာနိုင်သည့် ဆိုင်ကလုန်းမုန်တိုင်း၏ အရှိန်ကြောင့် လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြီးခြင်း၊ ရေကြီးခြင်းနှင့်အတူ မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း သိရသည်။

ထို့ကြောင့်ကုန်းမြင့်ဒေသအနီး နေထိုင်သူများ အနေဖြင့် မြေပြိုမှု အန္တရာယ်နှင့် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် မြစ်ငယ်ချောင်းငယ်များအနီးနေထိုင်ကြသူများအနေဖြင့် ရေကြီးရေလျှံခြင်းများ ဖြစ်ပေါ် လာနိုင်သည့်အတွက် ကြိုတင်သတိပြုနေထိုင်ကြရန် မိုလေဝသနှင့် ဇလဗေဒ ဦးစီးဌာနက သတိပေးထားသည်။

ပြည်သူများအနေဖြင့် မိုးလေဝသနှင့် ဇလဗေဒ ဦးစီးဌာနမှ အချိန်နှင့် တပြေးညီ ထုတ်ပြန်သည့် ထုတ်ပြန်ချက်များကို စောင့်ကြည့်၍ လိုအပ်သည့် ကြိုတင်ပြင်ဆင်မှုများကို ဆောင်ရွက်ထားရန်လည်း သတိပေးထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here