မုန်တိုင်း ဝင်ရောက်မည့်လမ်းကြောင်းများအား ဖြစ်နိုင်ချေအရ လမ်းကြောင်း (၂) ကြောင်း ခန့်မှန်းကာ ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထား

0
694

မြန်မာနိုင်ငံအတွင်းသို့ မေ (၁၃) ရက်နှင့် (၁၄) ရက်တွင် အားကောင်းသည့် ဆိုင်ကလုံးမုန်တိုင်း ဝင်ရောက်လာနိုင်ချေရှိမှုအပေါ် ကြိုတင်ပြင်ဆင်နေမှုနှင့် ပတ်သက်၍ အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ၊ နစက ဒု-ဥက္ကဋ္ဌ၊ ဒု-ဗိုလ် ချုပ်မှူးကြီး စိုးဝင်းက ပြောကြားခဲ့ခြင်းဖြစ်သည်။

မေ (၆) ရက်မွန်းလွဲ (၂) နာရီက နေပြည်တော်တွင် ပြုလုပ်ခဲ့သည့် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ကော်မတီ အရေးပေါ်လုပ်ငန်း ညှိနှိုင်းအစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

မြန်မာ့ကမ်းရိုးတန်းဒေသသို့ မုန်တိုင်းဝင်ရောက်မည့် လမ်းကြောင်းအား ဖြစ်နိုင်ချေအရ ဖျာပုံမြို့နယ်နှင့်ကွမ်းခြံကုန်းမြို့နယ်တို့ကြားမှ ကုန်းတွင်းပိုင်းသို့ ဝင်ရောက်မည့် လမ်းကြောင်းနှင့် ရခိုင်ကမ်းရိုးတန်းသို့ ဖြတ်သန်း၍ စစ်တွေမြို့နှင့် ကျောက်ဖြူမြို့ကြားမှ ကုန်းတွင်းမုန်တိုင်းအဖြစ် ဝင်ရောက်နိိုင်ကြောင်း ခန့်မှန်းထားသည်ဟု ဆိုသည်။

“အဲဒီလမ်းကြောင်းတွေဟာ ခန့်မှန်းချက်တွေဖြစ်ပါတယ်။ လေဖိအားနည်း ရပ်ဝန်းစတင်ပြီး မုန်တိုင်းဖြစ်ပေါ်လာမှသာ ဝင်ရောက်မယ့်လမ်းကြောင်းကို သိရှိနိုင်မှာပါ။ ဒါ့ကြောင့် မုန်တိုင်းဝင်ရောက်လာရင် ဆောင်ရွက်ရမယ့်လုပ်ငန်းစဉ်တွေကို အခုတည်းက စတင်ပြင်ဆင်ဆောင်ရွက်ဖို့လိုပါတယ်” ဟု နစက ဒု-ဥက္ကဋ္ဌက ပြောသည်။

အကယ်၍ မုန်တိုင်းမှာ အခြားနေရာများသို့ လမ်းကြောင်းပြောင်း၍ ဝင်ရောက်လာပါကလည်း မိမိတို့အနေဖြင့် ကြိုတင်ပြင်ဆင်ဆောင်ရွက်ခြင်းဖြင့် လေ့ကျင့်ပြီး အကျိုး ကျေးဇူးများရရှိမည်ဟု ဆိုသည်။

“အရေးပေါ်အခြေအနေမှာ ဆောင်ရွက်ရတဲ့ ပစ္စည်းကိရိယာတွေ ပြည့်ပြည့်စုံစုံဖြစ်စေဖို့ ကြိုတင်စုံစမ်းဆောင်ရွက်ထားရပါမယ်။ စေတနာ့ ဝန်ထမ်းတွေ တပ်မတော်သားတွေ လုံခြုံရေး တပ်ဖွဲ့ဝင်တွေ ဌာနဆိုင်ရာ ဝန်ထမ်းတွေနဲ့ ပြည်သူတွေ ညှိနှိုင်းပြီး ပြင်ဆင်သင့်တဲ့ လုပ်ငန်းတွေ ဆောင်ရွက်ရပါမယ်” ဟု နစက ဒု-ဥက္ကဋ္ဌက မှာကြားခဲ့သည်။

ကမ်းရိုးတန်း တစ်လျောက်တွင် နေထိုင်သူများအတွက် မြို့နယ်၊ ကျေးရွာများအလိုက် ယခုတည်းက ပြင်ဆင်ဆောင်ရွက်ရမည်ဖြစ်ကာ မုန်တိုင်းမဝင်ရောက်မီ ပြင်ဆင်သည့်လုပ်ငန်းများ၊ ရွှေ့ပြောင်းသည့် လုပ်ငန်းများ၊ ပြန် လည်ထူထောင်ရေးတွင် အသုံးပြုမည့်ပစ္စည်းများ၊ ဆက်သွယ်ရေးဆိုင်ရာပစ္စည်းများ၊ အစားအသောက်များ၊ ကျန်းမာရေးဆိုင်ရာများကို ယခုတည်းကပင် ဆောင်ရွက်ရမည်ဟု မှာကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here