မိုချာ ဆိုင်ကလုန်းကြောင့် ဘေးအန္တရာယ် ကျရောက်နိုင်သည့် နေရာဒေသများတွင် လိုအပ်နိုင်သည့် ဆေးနှင့် ပစ္စည်းကိရိယာများကို ကြိုတင်ဖြန့်ဝေမည်

0
374

လာမည့် ရက်ပိုင်းအတွင်း ဘင်္ဂလားပင်လယ်အော်အတွင်း ဖြစ်ပေါ်လာနိုင်သည့် မုန်တိုင်းအရှိန်ကြောင့် မြန်မာနိုင်ငံတွင် ဖြစ်ပေါ်လာနိုင်သည့် ဘေးအန္တရာယ်များနှင့် ပတ်သက်၍ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့ခြင်းဖြစ်သည်။

မေ (၇)ရက် နံနက်ပိုင်းက ပြုလုပ်သည့် တိုင်း/ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးများ၊ဆေးရုံအုပ်ကြီးများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

သဘာဝဘေးအန္တရာယ်ကျရောက်ပြီးပါကဖြစ် ပွားနိုင်သည့် ဝမ်းပျက်ဝမ်းလျှောရောဂါ အပါအဝင် ရေမှတစ်ဆင့်ကူးစက်သော ရောဂါများဖြစ်ပွားမှုမရှိစေရန် သန့်ရှင်းသောသောက်သုံးရေရရှိရေး၊ ပတ်ဝန်းကျင်သန့်ရှင်းရေးနှင့် တစ်ကိုယ်ရေ သန့်ရှင်းရေးတို့အတွက် လိုအပ်သော သောက်သုံးရေသန့်များ၊ ခြင်း၊ ရေသန့်ဆေးမှုန့်နှင့်ဆေးပြားများ၊ အရေးပေါ်အခြေအနေတွင် အသုံးပြုနိုင်မည့် တစ်ကိုယ်ရေသန့်ရှင်းရေးဆိုင်ရာ ပစ္စည်းများကို ကြိုတင်စုဆောင်းထားရန်လည်း ဝန်ကြီးက မှာကြားခဲ့သည်။

“ဘေးအန္တရာယ်ကျရောက်တဲ့ ဒေသတွေကို အချိန်မီဖြန့်ဝေပေးနိုင်ဖို့နဲ့ ကျန်းမာရေးအသိပညာပေးမှုလုပ်ငန်းတွေကိုလည်း ဆောင်ရွက်ရပါမယ်။ သဘာဝဘေးအန္တရာယ် ကျရောက်နိုင်တဲ့ နေရာဒေသတွေမှာ လိုအပ်နိုင်တဲ့ ဆေးနဲ့ပစ္စည်းကိရိယာတွေ အရေးပေါ်သုံး ဆေးသေတ္တာတွေ မိသားစုသုံးပစ္စည်းတွေ မီးဖွားဖို့အတွက်ပစ္စည်းတွေနဲ့ အမျိုးသမီးသုံး ပစ္စည်းတွေကို ကျေးလက်ကျန်းမာရေးဌာနခွဲတွေအရောက် ကြိုတင်ဖြန့်ဝေထားရပါမယ်”ဟု ဒေါက်တာသက်ခိုင်ဝင်းက ပြောသည်။

ထို့ပြင် ဆေးရုံများ၌ အရေးပေါ်ခွဲစိတ်ကုသမှု၊ မွေးဖွားမှုအပါအဝင် ကုသမှုလုပ်ငန်းများနှောင့်နှေးပျက်ကွက်ခြင်းမရှိစေရန် အစီအစဉ်များချမှတ်ဆောင်ရွက်ခြင်းနှင့်လိုအပ်သည့် အရေးပေါ်ဆေးအဖွဲ့များကို ကြိုတင်ဖွဲ့စည်း ၍ အသင့်အနေ အထားဖြစ်စေရန် ဆောင်ရွက်ထားရမည်ဟုလည်း ဆိုသည်။

“အရေးပေါ်လူနာ လွှဲပြောင်းဖို့ လမ်းကြောင်းတွေကို နှီးနွှယ်ဌာနဆိုင်ရာတွေနဲ့ ညှိနှိုင်းတိုင်ပင်ဆောင်ရွက်ထားရပါမယ်။ တပ်မတော်ဆေးတပ်ဖွဲ့တွေနဲ့လည်း ချိတ်ဆက်ဆောင်ရွက်ရပါမယ်”ဟု ပြည်ထောင်စုဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းကပြောသည်။

ကျန်းမာရေးဝန်ကြီးဌာန၏ ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေကွပ်ကဲမှု စင်တာနှင့်တိုင်း/ ပြည်နယ်များရှိ ပြည်သူ့ကျန်းမာရေးအရေးပေါ်အခြေအနေကွပ်ကဲမှုစင်တာများကိုလည်း ဖွင့်လှစ်ထား၍ အချိန်နှင့်တစ်ပြေးညီဆက်သွယ်ဆောင် ရွက်ရမည်ဟု ပြောသည်။

မေလ ဒုတိယပတ်အတွင်း ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်း ရပ်ဝန်းတစ်ခုဖြစ်ပေါ်ကာ အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းအဖြစ်ရောက်ရှိပြီး မြန်မာနိုင်ငံအတွင်းသို့ အားကောင်းသောဆိုင်ကလုန်းမုန်တိုင်းကြီးအဖြစ် ဖြတ်ကျော် ဝင်ရောက် နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒက ခန့်မှန်းထားသည်။

အဆိုပါ အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း မိုချာသည် ကုန်းတွင်းပိုင်းသို့ ဖြတ်ကျော်ဝင်ရောက်စဉ် လေတိုက်နှုန်းမှာ တစ်နာရီ (၁၂၅) မိုင်အထိ ရှိနိုင်သည့်အတွက် မုန်တိုင်းသတိရှိစွာဖြင့် ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်ထားကြရန်လည်း အ‌သိပေးနှိုးဆော်မှုများ လုပ်ဆောင်လျက်ရှိသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here