ချားလ်စ်ဘုရင်၏ နန်းတက်ပွဲ အခမ်းအနားကို လူပေါင်း ၁၄ သန်းကျော် ကြည့်ရှုခဲ့ကြ

0
306

စနေနေ့က ကျင်းပခဲ့သော တတိယမြောက် ချားလ်စ်ဘုရင်၏ နန်းတက်ပွဲ အခမ်းအနားကို ဘီဘီစီ ရုပ်သံချန်နယ်၌ လူပေါင်း ၁၄ သန်းကျော် စောင့်မျှော်ကြည့်ရှုခဲ့ကြောင်း ဘီဘီစီ က မေလ ၇ ရက် တနင်္ဂနွေနေ့တွင် ပြောလာခဲ့သည်။

နန်းတက်ပွဲကို ဘီဘီစီ ဝမ်း ချန်နယ်တွင် ပျမ်းမျှအားဖြင့် လူ ၁၂ သန်း နီးပါး အဆက်မပြတ်ကြည့်ရှုခဲ့ပြီး အများဆုံးကြည့်ရှုချိန်၌ လူ ၁၃ ဒသမ ၄ သန်းခန့် ရှိခဲ့သည်။ ဘီဘီစီ တူး ချန်နယ်တွင်မူ အများဆုံးကြည့်ရှုချိန်တွင် လူ ၁ ဒသမ ၇ သန်း ရှိခဲ့ပြီး ပျမ်းမျှအားဖြင့်မူ လူ ၁ ဒသမ ၄ သန်း ကြည့်ရှုခဲ့သည်ဟု ဘီဘီစီ ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ အခမ်းအနားသည် ဗြိတိန်နိုင်ငံတွင် နှစ်ပေါင်း ၇၀ အတွင်း ပထမဆုံးအကြိမ် ပြန်လည်ကျင်းပခြင်းဖြစ်ပြီး ဒုတိယအကြိမ်မြောက် ရုပ်မြင်သံကြားမှ ထုတ်လွှင့်ပြသခြင်းလည်း ဖြစ်လာသည်။

ထိုနန်းတက်ပွဲအား စောင့်မျှော်ကြည့်ရှုခဲ့သူ အရေအတွက်သည် မနည်းလှသော်လည်း အခြားသော တော်ဝင်အခမ်းအနားများဖြစ်သည့် အဲလိဇဘတ်ဘုရင်မကြီး၏ ဈာပနပွဲ၊ မင်းသား ဝီလျံ၏ မင်္ဂလာပွဲနှင့် ချားလ်စ်ဘုရင်၏ ပထမဇနီးဖြစ်သူ မင်းသမီး ဒိုင်ယာနာ၏ ဈာပနာပွဲတို့ထက်မူ ကြည့်ရှုသူမှာ သိသိသာသာ လျော့နည်းခဲ့သည်။

ချားလ်စ်ဘုရင်၏ နန်းတက်ပွဲကို ဘီဘီစီအပြင် အိုင်တီ‌ဗွီနှင့် စကိုင်းနူးစ် ရုပ်သံချန်နယ်တို့ကလည်း ပြသခဲ့သေးသည်။ သို့ရာတွင် ထိုချန်နယ်များမှ ကြည့်ရှုသူအရေအတွက်ကို ထုတ်ဖော်ပြောကြားလာခြင်း မရှိသေးပေ။

Source: ဝိုင်ယွန်


LEAVE A REPLY

Please enter your comment!
Please enter your name here